Skip to main content

၂၀၂၄ ခုနှစ် ဖြစ်စဉ်များ

၂၀၂၄ စလိုက်သည်နှင့် စစ်ကောင်စီမှာ အရှုံးတွေ တပွေ့တပိုက်ကြီး ဖြစ်သည်။ ပစ်အားက ရှိနေသေး သည့်တိုင် စိတ်ဓာတ်ရေးရာတွင် လုံးလုံးရှုံးနေပြီဖြစ်သည်။ ရှေ့တန်းမှ စစ်သားများကလည်း နှစ်နှစ်ကျော် ကြာလာသည့်အတွက် စိတ်ဓာတ်များ ကျလာသည်။ ပစ်ခတ်ရန် အသံထွက်သည်နှင့် ဘက်ပြောင်းသူ၊ အညံ့ခံသူများ များစွာတွေ့လာရသည်။ ဇန်နဝါရီလ ၅ ရက်နေ့တွင်ပင် ကိုးကန့်ဒေသ၊ လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်ရှိ တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြီးကြီးမားမားမရှိပဲ စွန့်ခွာသွားသည်။ ဟိုပန်မြို့ကိုလည်း လက်လွှတ်သွားသည်။

ဇန်နဝါရီ ၅ ရက်နေ့တွင် တရုတ်သံအဖွဲ့ နေပြည်တော်သို့ ရောက်လာသည်။ နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးကြသလို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့် တောင်းဆိုသည်ဟု သတင်းများ ရရှိသည်။ တွေ့ခွင့်မရပေ။ ဇန်နဝါရီ ၇ ရက်တွင် ဖားကန့်ရှိ စခန်းများကို KIA PDF ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့သည်။ ဇန်နဝါရီ ၁၂ တွင်မူ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီကြား အပစ်ခတ် ရပ်စဲရေး သဘောတူကြောင်း ကြေငြာချက်များ ထွက်လာပြန်သည်။ ဇန်နဝါရီ ၁၅ တွင် ပလက်ဝ၊ ၁၇ ရက်တွင် ကျောက်တော်မြို့တဝိုက်၊ ၂၅ ရက်နေ့တွင် ပေါက်တောမြို့များကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်နိုင်ခဲ့သည်။ ယင်းဇန်နဝါရီလထဲတွင်ပင် မဘသ ဆရာတော်များကိုယ်တိုင်က ဗိုလ်မင်းအောင်လှိုင်ကို နှုတ်ထွက်ရန် ဟောပြောမှုများ ရှိလာသည်။[1] ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ လေယာဉ် ၁ စင်းနှင့် ရဟတ်ယာဉ် ၂ စင်း ပစ်ချခံရပြန်သည်။

ဇန်နဝါရီလအတွင်းမှာပင် စစ်တပ်ထံမှ လစာနှင့် ရိက္ခာများ ရယူခြင်းကို ရပ်နားပြီး ကိုယ့်ဘာသာ ရပ်တည်မည်ဟု BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ဆိုလာသည်။ ထို့နောက် ဧပြီလတွင်ပင် KNA အဖြစ် အမည်ပြောင်း ရပ်တည်ခဲ့သည်။[2]

ဇန်နဝါရီ ၃၁ တွင် KNU, KNPP, CNF နှင့် NUG တို့၏ ပူးတွဲထုတ်ပြန်ချက်ထွက်ရှိရာ ဒီမိုကရေစီ နည်းကျ တင်မြောက်သော အစိုးရလက်အောက်တွင် စစ်တပ်များကို ထားရှိရမည့် မူဝါဒအပါအဝင် ဦးတည်ချက် ခြောက်ရပ်ကို ထုတ်ပြန်လာသည်။ ဖေဖော်ဝါရီ ၆ ရက် ပြုလုပ်သော အစည်းအဝေးမိန့်ခွန်းတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလက “ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေဟာ ဒီဘုံသဘောထား ရပ်တည်ချက်မှာ တိုက်ရိုက်ပါဝင်လာစေရေးကို အစဉ်တစိုက် ကြိုးပမ်းတည်ဆောက်ရမှာ ဖြစ်ပါတယ်။ နယ်မြေအလိုက်၊ လူမျိုးစုအလိုက်၊ အဖွဲ့အစည်းအလိုက် ကွဲပြားတဲ့အမျိုးသားရေး ရည်မှန်းချက်တွေကို ဖက်ဒရယ်အခြေခံမူတွေအပေါ်မှာ ရပ်တည်ပြီး ဝိုင်းဝန်းပေါင်းစည်းနိုင်ကြဖို့ ကျွန်တော့်အနေနဲ့ အထူး မျှော်လင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။ ထို့အပြင် KIA မှာ ထုတ်ပြန်ရာတွင် မပါဝင်သော်လည်း သဘောတူညီမှု ရှိကြောင်း ယာယီသမ္မတက ပြောပါသည်။ မြောက်ပိုင်း မဟာမိတ် အဖွဲ့များ ပါဝင်လာစေရေး ကြိုးပမ်းမည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံ၏ လူဦးရေမှာ သန်း ၅၀ ကျော်ရှိသည့်အနက် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်သည့်နောက် ၁၈.၆ သန်းမျှ အကူအညီလိုနေပြီ ဖြစ်သည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်ကြေငြာခဲ့သည်။[3] ‌NLD က စစ်အာဏာ သိမ်းမှုအပြီး အစုလိုက်အပြုံလိုက် အသတ်ခံရမှု ၈၃ ခုရှိသည်ဟု ထုတ်ပြန်သည်။ ထို့အပြင် နိုဝင်ဘာ ၂၀၂၃ မှ ဖေဖော်ဝါရီ လဆန်းအထိပင် လေကြောင်းတိုက်ခိုက်မှုအကြိမ် ၇၅၀ ရှိခဲ့သည်ဟု BBC က ဖော်ပြသည်။ အာဆီယံမှ စစ်ဘေးသင့်သူများကို အကူအညီပေးရန် သတ်မှတ်သော်လည်း အလုပ်မဖြစ်ကြောင်း KNU က ထောက်ပြသည်။ ယင်းကာလအထိ UN အပါအဝင် နိုင်ငံတကာ အကူအညီများမှာ တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်သည့် မြေများတွင် ရလာသည့် အကူအညီများထက် စစ်ကောင်စီမှ တဆင့်ခံသော ကူညီမှုများက ပိုမိုများပြားလျက် ရှိနေသည်။[4]

ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ၂၀၂၀ ခုနှစ် ဗိုလ်သန်းရွှေ၏ နအဖ ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အာဏာတည်ရန် ရုတ်ချည်းထုတ်ပြန်လာသည့်အတွက်[5] လူထုအကြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။ လူငယ်များစွာ နယ်စပ်သို့ ထွက်လာကြသည်ကိုလည်း တွေ့ရသည်။ ပတ်စ်ပို့ တန်းစီရင်း သေသည်အထိပင် မန္တလေးမြို့တွင် ဖြစ်ကုန်ကြရသည်။ တဘက်က တော်လှန်ရေးတပ်များ၏ နယ်မြေတိုးချဲ့ တိုက်ပွဲများမှာ ရပ်မသွားပဲ စစ်ကောင်စီမှာ ဆုံးရှုံးဆဲ ဖြစ်နေသည်။ ထူးခြားသည်က နယ်မြေဆုံးရှုံးမှုများ ရှိခဲ့သည့်တိုင် သျှမ်းပြည်မြောက်ပိုင်းမှ စစ်ဗိုလ်များ ရာထူးတိုးကြောင်း သိရသည်။

ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် PRCF ၏ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ နောက်ဆုံးမူကြမ်း ထွက်လာခဲ့သည်။ ဖေဖော်ဝါရီ ၁၄ တွင် မွန်ပြည်သစ် ပါတီတွင်း အာဏာရှင်တော်လှန်ရေး အင်အားစုပုံစံဖြင့် ခွဲထွက်မှု ရှိလာပြီး စစ်ကောင်စီကို ပြတ်ပြတ်သားသား တော်လှန်မည်ဟု ကြေငြာခဲ့သည်။ စစ်ကောင်စီက အရန်တပ်ဖွဲ့ ဥပဒေကို အတည်ပြုသည်။

ထိုင်းအစိုးရက မြန်မာစစ်ရှောင်သူများအပေါ် တရစ်ရစ် ပို၍ပင် ကြပ်လာခဲ့သည်။ တဖက်ကလည်း အသက် ၆၀ ခန့်အရွယ် ယာကူဇာခေါင်းဆောင် အီဘီဆာဝါက ယူရေနီယံသတ္တုနှင့် နျူကလီးယား ကုန်ကြမ်းကို ရောင်းဝယ်ခြင်းနှင့် စပ်လျဉ်း၍ အမေရိကန်က တရားစွဲဆိုရာ တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်အချို့ ပါဝင်သည်ဟု ဆိုခဲ့ပြီး ယင်းသို့ရောင်းချကာ မြေပြင်ပစ်၊ ဝေဟင်ပစ် လက်နက်အမြောက်အများ ရရှိရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ ဖော်ပြချက်အရ RCSS ၏ ဥက္ကဋ္ဌဟု ဆိုသည်။[6]

ဖေဖော်ဝါရီ နောက်ဆုံးအပတ်အတွင်း ရမ်းဗြဲတွင် တိုက်ပွဲကြောင့် တမြို့လုံးနီးပါး ပျက်စီးသွားကာ မင်းပြားတွင်လည်း ဆေးရုံနှင့် ကျောင်းများ ဗုံးကြဲခံရသည်။ ကလေးမြို့တွင်လည်း တိုက်ပွဲများ ပြင်းထန်သလို မိုးကောင်းတံတားလည်း ဗုံးခွဲဖျက်ဆီးခံရသည်။ ရခိုင်တွင် ရိုဟင်ဂျာများကို စစ်အတွင်းဆွဲသွင်း၍ AA နှင့် ရန်တိုက်ပေးရန် စစ်ကောင်စီက ကြံလာသည်။[7] ရခိုင်ဒေသခံအချို့နှင့် ရိုဟင်ဂျာများကို ပြည်သူ့စစ်သင်တန်း ပေးနေခဲ့ပြီး ရိုဟင်ဂျာများကို စစ်မှုထမ်းစေခြင်းများလည်း ရှိလာသည်။[8] စစ်တွေမြို့ကို စစ်ကောင်စီက ပိတ်ဆို့ထားခဲ့သည်။ တန့်ဆည်အနောက်ဘက်သို့ စစ်ကောင်စီတပ်များနှင့် ပျူစောထီးအုပ်စုတို့ ပူးပေါင်း၍ စစ်ကြောင်းထိုးရာတွင် အရပ်သား ၁၁ ဦး အသတ်ခံရသည်ဟု သိရသည်။

တရုတ်အစိုးရ ကြားဝင်စေ့စပ်မှုဖြင့် မဟာမိတ်ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ အပစ်အခတ် ရပ်ရေးနှင့် အခြားကိစ္စများကို ကူမင်းတွင် တွေ့ဆုံဆွေးနွေးကြသည်။ သို့သော် ထိုဆွေးနွေးချက်များမှာ ရခိုင်ပြည်တွင်းနှင့် မဆိုင်ကြောင်း AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောဆိုသည်။ ထို့ပြင် မတ်လဆန်းတွင် ပုဏ္ဏားကျွန်းကို ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားခဲ့သည်။ KIA ကလည်း စစ်ကောင်စီစခန်း ၁၀ ခုကျော်ကို မတ်လ ဒုတိယအပတ်အတွင်း သိမ်းယူလိုက်သည်။ ယင်းမတ်လတွင် ကြီးကြီးကျယ်ကျယ် လုပ်နေကျဖြစ်သည့် တပ်မတော်နေ့ကိုပင် အကျဉ်းရုံး လုပ်ရသည်အထိ စစ်ကောင်စီမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့သည်။


 

ပုံ - ACLED မှ ဖော်ပြသော ၂၀၂၁ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး နိုင်ငံရေးအကြမ်းဖက်မှုများ

တရုတ်အထူးကိုယ်စားလှယ် တိန့်ရွှီကျွင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွင် နယ်စပ်တည်ငြိမ်ရေးနှင့် အွန်လိုင်း ငွေလိမ်ဂိုဏ်းကိစ္စများ ပါဝင်သည်ဟု သတင်းထွက်ပြီး မကြာမီ လက်ရှိကာလ စစ်ဗိုလ်ကြီးများနှင့် အငြိမ်းစား စစ်အရာရှိကြီးများပါ စစ်ဆေးခံရသည်။ ကိုးကန့်ရှိ နိုင်ငံရေးဩဇာတည်ထောင်ထားသူ သူဋ္ဌေးကြီးများလည်း ခက်ခဲကုန်ကြသည်။ ကိုးကန့်မှသည် လွှတ်တော်ထဲရောက်သည်အထိ နိုင်ငံရေးအာဏာရှိခဲ့သူတို့မှာလည်း မြန်မာနိုင်ငံသားနှင့် တရုတ်နိုင်ငံသား ကဒ် နှစ်မျိုးလုံးကို ကိုင်ခဲ့ကြသူများ ဖြစ်ကြောင်း သိရှိလာခဲ့ရသည်။


ဧပြီလဆန်းတွင် နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခံရပြီး စစ်ကောင်စီ၏ ခြိမ်းခြောက် ခံရမှုမှာ အတွင်းပိုကျကျ ထိခိုက်လာခဲ့သည်။ PDF Insight မှ ဒရုန်း ၂၉ စင်း သုံးခဲ့ကြောင်း ထုတ်ပြန်၍ စစ်ကောင်စီကမူ ဒရုန်း ၇ စင်းဖြင့် တိုက်ခိုက်ခံရကြောင်း ထုတ်ပြန်သည်။ ယင်းတိုက်ခိုက်မှုက နေပြည်တော် စစ်တပ်အသိုင်းအဝိုင်းကို အတော်ပင် လှုပ်ခတ်စေခဲ့သည်။ ထို့အပြင် ဧပြီလ ၄ ရက်နေ့တွင် မော်လမြိုင်မြို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အတွင်း အစည်းအဝေးလုပ်နေစဉ် ဒုဦးစီးချုပ် ဗိုလ်စိုးဝင်းလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကာ ဒဏ်ရာရပြီး ခေတ္တမြင်ကွင်းမှ ပျောက်သွားခဲ့သည်။[9] ယင်း ဒုတိယအပတ်တွင် မြဝတီမြို့ကို KNLA နှင့် PDF တို့က ထိုးစစ်ဆင်နိုင်ခဲ့သလို မေမြို့ရှိ စစ်တက္ကသိုလ်တွင်လည်း ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံခဲ့ကြသည်။ မြဝတီကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးများ KNU နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မြဝတီကို KNA ဦးစီးချုပ် ဗိုလ်စောချစ်သူက ကြားခံ၍ စစ်ကောင်စီကို ပြန်ပေးခဲ့သည်။[10]

 

ပုံ - ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၄ ဧပြီလ အထိ ဖမ်းဆီးပြီနောက် သတ်ဖြတ်ခံရသူများစာရင်း


တော်လှန်ရေးအဖွဲ့များအကြားတွင်လည်း ပွတ်တိုက်မှုများ ရှိလာသည်။ “ပ” သုံးလုံးဟု သိကြသော ပအဖ၊ ပကဖ နှင့် ပလဖ အဖွဲ့များကြားတွင် ပြဿနာများ ရှိသလို[11] CDM ထောက်ပံ့မှုများ နည်းပါးခြင်းနှင့် ပတ်သက်၍ မကျေနပ်မှုများ ရှိလာသည်။[12] ထို့အပြင် CDM မူဝါဒပိုင်းတွင်လည်း လူ့အခွင့်အရေး ရှုထောင့်နှင့် တော်လှန်ရေး အောင်မြင်မှု ရှုထောင့်များ ပွတ်တိုက်မှုများ ရှိလာသည်။[13] MNDAA က လူမြင်ကွင်းတွင် သေဒဏ်စီရင်သည့် ကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးရှုထောင့်မှ ကန့်ကွက်မှုများစွာ ရှိလာသည်။[14] ရခိုင်တွင် ရက္ခိုင့်တပ်တော်မှ ရိုဟင်ဂျာလူမျိုးများ၏ အိမ်များကို မီးရှို့သည်ဟု ဂြိုလ်တုပုံရိပ်များမှ ထောက်လှမ်း မှန်းဆရမှုများအတွက် ပြဿနာများလည်း ဖြစ်လာပြီး အရပ်ဘက်အဖွဲ့အစည်း ၁၉၅ ဖွဲ့က စာထုတ်ပြန်ရာ AA နှင့် ပွတ်တိုက်မှုများ ရှိလာသည်။[15] TNLA နှင့် KIA အကြား၊ TNLA နှင့် SSPP တို့ကြားတွင်လည်း မဟာမိတ် ဖြစ်သည့်တိုင် နယ်မြေအတွင်း အင်အားသုံးပြီး တပ်များဖယ်ရှားခိုင်းခြင်းကြောင့် ပြဿနာများ ဖြစ်နေသည်။[16] TNLA နှင့် MNDAA ကြား တင်းမာမှုများလည်း ရှိလာသည်။[17]

မေလ ၁၄ ရက်နေ့ မနက်တွင် ဂျပန်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီ ဒုတိယအကြီးအကဲ မစ္စတာ ကိုမူရာ မာဆာဟီရိုနှင့် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်တို့ ဂျပန်နိုင်ငံတွင် တွေ့ဆုံကြသည်။ ထို့နောက် KNU, KNPP, CNF နှင့် NUG တာဝန်ရှိသူများမှ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ရခိုင်ပြည်တွင်း စစ်ပွဲများ ရပ်တန့်ရေးကိုလည်း ဂျပန်အစိုးရနှင့် နိပွန် ဖောင်ဒေးရှင်းမှ ဆွေနွေးမှုများ ပြည်တွင်းတွင် ရှိနေခဲ့သည်ဟု သိရသည်။[18]

မေလလယ်တွင် ညီနောင်သုံးဖော်နှင့် စစ်ကောင်စီက ငြိမ်းချမ်းရေး ဆွေးနွေးမှုကို တရုတ်ပြည် ကူမင်းတွင် ၃ ရက်ကြာ ကျင်းပသည်။ မေလ ၃၀ ရက်နေ့တွင် မြန်မာ့မြေတွင် နျူးကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး သဘောတူညီချက် မူကြမ်းကို ရုရှားမှ အတည်ပြုပြီဟု စစ်ကောင်စီက ထုတ်ပြန်သည်။[19] ပြည်သူများတွင်တော့ လျှပ်စစ်မီးပြတ်တောက်မှု ပိုများလာပြီး VPN ဖြင့် အင်တာနက် သုံးစွဲမှုများကို ထိန်းချုပ်လာခဲ့သည်။[20]

၂၀၂၄ ခုနှစ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ အောင်မြင်မှုများကို ထင်မှတ် မထားလောက်အောင် ရရှိနေသည်။ အချင်းချင်း ကတောက်ကဆ ဖြစ်မှုများမှာလည်း မြန်မာစစ်တပ်နှင့် အဖွဲ့တခုချင်းစီကြား နှစ် ၇၀ ကျော်ကြာခဲ့သည့် တိုင်းရင်းသားတော်လှန်ရေး ကာလတလျှောက် ဖြစ်ခဲ့သည့် တိုက်ခိုက်မှုများကို အရိပ်မည်း ထိုးလောက်အောင် ဖြစ်ရသည်အထိ မဟုတ်ပါ။ အားလုံးတွင် နယ်မြေရေးရာနှင့် အာဏာတည်ဆောက်မှု ပဋိပက္ခများ ရှိသည့်တိုင် ဘုံရန်သူမှာ မင်းအောင်လှိုင်စစ်ကောင်စီ ဖြစ်သည်၊ တိုင်းရင်းသား အဖွဲ့များအတွက်မူ ဗမာဇာတ်သွင်းခြင်းကိုပါ တော်လှန်ရမည်ဟူသည့် အချက်မှာ ခိုင်မာဆဲဖြစ်သည်ဟု သုံးသပ်နိုင်သည်။ NUCC အတွင်းမှာမူ အကွဲအပြဲတချို့ ကြားရပြီး လူထုညီလာခံဒုတိယအကြိမ် ကျင်းပရာတွင် ပိုမိုသိသာသည့် ပြဿနာတချို့ ရှိ၏။[21] ခံစစ်မှ ထိုးစစ်ပြောင်းလာသည့် တော်လှန်ရေး တပ်များအောက်တွင် စစ်ကောင်စီသည် ဖိအားကို အကြီးအကျယ် ခံနေရပြီး နျူးကလီးယား စက်ရုံ တည်ဆောက်ရေး ရုရှားနှင့် ပူးပေါင်းမှုကို ဗိုလ်မင်းအောင်လှိုင်က ဦးဆောင်၍ထုတ်ပြသည်အထိပင် ဖြစ်လာသည်ကို တွေ့ရပါသည်။

ဤသို့ဖြင့် ၂၀၂၄ ခုနှစ် မေလအထိ တော်လှန်ရေးတပ်ဖွဲ့များ၏ အောင်မြင်မှုများသည် အံ့အားသင့်ဖွယ်ရာ ကောင်းနေခဲ့သည်။ တပ်ဖွဲ့များအကြား ကတောက်ကဆဖြစ်မှုများသည် မြန်မာစစ်တပ်နှင့် တဖွဲ့ချင်းစီအကြား နှစ် ၇၀ ကျော်ကြာခဲ့သည့် တိုင်းရင်းသားတော်လှန်ရေးကာလတလျှောက် ဖြစ်ခဲ့သည့် တိုက်ခိုက်မှုများကဲ့သို့ အရိပ်မည်းမကျဆင်းပါ။ အားလုံးတွင် နယ်မြေနှင့် အာဏာဆိုင်ရာ ပဋိပက္ခများ ရှိနေသော်လည်း စစ်ကောင်စီသည် ဘုံရန်သူဖြစ်သည်၊ တိုင်းရင်းသားအဖွဲ့များအတွက်မူ ဗမာဇာတ်သွင်းခြင်းကိုပါ တော်လှန်ရမည်ဟူသော အချက်သည် ခိုင်မာဆဲဟု သုံးသပ်နိုင်သည်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အတွင်းမှာမူ အကွဲအပြဲအချို့ ကြားရပြီး ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ကျင်းပရာတွင် ပိုမိုသိသာသည့် ပြဿနာအချို့လည်း ရှိခဲ့သည်။

ကာကွယ်ရေးမှ ထိုးစစ်သို့ ပြောင်းလဲလာသော တော်လှန်ရေးတပ်ဖွဲ့များ၏ ဖိအားကြောင့် စစ်ကောင်စီသည် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နျူးကလီးယားစက်ရုံ တည်ဆောက်ရေးအတွက် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်သူလူထုသို့ ထုတ်ဖော်ပြသသည်အထိ ဖြစ်လာသည်ကို တွေ့ရပေသည်။

၂၀၂၄ ခုနှစ်၊ မေလတွင် နေပြည်တော်၌ ဘာသာရေးအဆောက်အအုံများ တည်ဆောက်ရန်အတွက် စစ်ခေါင်းဆောင်က ဘာသာပေါင်းစုံအဖွဲ့အစည်းများကို မြေ ၂ ဧကစီ ပေးအပ်ခဲ့ခြင်းအား ပြန်လည်စိစစ်၍ ရုပ်သိမ်းရန် အမျိုးသားရေးလှုပ်ရှားသူများက ကန့်ကွက်တောင်းဆိုခဲ့ကြသည်။[22] မေလ ၆ ရက်နေ့တွင် ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ ရဟတ်ယာဉ်တစင်းကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့သည်။[23] ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် မြန်မာ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းအဖွဲ့များတွင် KNU, KNPP, KIA, NUG နှင့် RCSS/SSA တို့ ပါဝင်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်လင်းထွန်းအပါအဝင် ဗိုလ်ချုပ်ငါးဦးကို လောက်ကိုင်ဒေသမှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ စစ်ကောင်စီက ကာကွယ်ရေးဒုဝန်ကြီး ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့သည်။[24] သြဂုတ်လ ၂ ရက်နေ့တွင် မှော်ဘီလေတပ်၌ စစ်ကောင်စီ၏ ယူရိုကော့ပတာ ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ရာ တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ် စိုးတင်လတ် အပါအဝင် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းလ ၂ ရက်နေ့တွင်ပင် MNDAA က လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး၊ တိုင်းမှူးအပါအဝင် စစ်အရာရှိ သုံးဦးကို လက်ရဖမ်းဆီးကာ စစ်သည်နှင့် မိသားစုဝင် ၄,၀၀၀ ကျော် လက်နက်ချခဲ့ကြသည်။[25]

မေလ ၁၃ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် အသည်းရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စတင်တည်ထောင်သူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး[26] ကွယ်လွန်သည်။ ထို့အပြင်၊ ဇွန်လ ၁၉ ရက်နေ့၌ မန္တလေးတွင် ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရာ၊ စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု သံဃာတော်များက ယုံကြည်ကြသောကြောင့် စစ်ကောင်စီကို သပိတ်မှောက်ခဲ့ကြသည်။[27]

စစ်ကောင်စီက ဩဂုတ်လ ၁၄ ရက်နေ့တွင် စစ်ခေါင်းဆောင်၏ လူယုံသုံးဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ကို ဗိုလ်ချုပ်ကြီးအဆင့်သို့ ရာထူးတိုးမြှင့်ပေးခဲ့သည်။ ဩဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား ကိုဖေမောင်စိမ်းသည် စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ရရှိသော ဒဏ်ရာများဖြင့် ထောင်မှလွတ်မြောက်ပြီး ရက်ပိုင်းအကြာတွင် ကွယ်လွန်ခဲ့သည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် NLD ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်သည် သွေးကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ ထို့နောက်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို လူမှုကွန်ရက်မှ တဆင့် အစိုးရယန္တရားကို ဝေဖန်ခဲ့မှုကြောင့် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။[28] နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) ၏ တရားလိုရှေ့နေချုပ်က ဗိုလ်မင်းအောင်လှိုင်အား ဖမ်းဝရမ်း ထုတ်ပေးရန် တရားသူကြီးများထံ လျှောက်ထားခဲ့သည်။[29]

ဇွန်လတွင်တော့ စစ်ကောင်စီသည် ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သည်ဟုဆိုကာ ရွှေဆိုင် လုပ်ငန်းရှင် အများအပြားကို ဖမ်းဆီးအရေးယူခဲ့သည်။ ဇူလိုင်လတွင် ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှုအညွှန်းကိန်း အဖွဲ့အစည်းက မြန်မာနိုင်ငံအား ကမ္ဘာပေါ်တွင် ရာဇဝတ်မှုဖြစ်ပွားမှုအမြင့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။[30] ဇူလိုင်လ ၂၉ ရက်နေ့တွင် မြန်မာ့ရွှေဈေးနှင့် ဒေါ်လာလဲနှုန်းတို့သည် စံချိန်တင်မြင့်တက်ခဲ့ပြီး၊ ဇူလိုင် ၃၁ ရက်နေ့တွင် စစ်ကောင်စီက အရေးပေါ်အခြေအနေကို နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့သည်။

စက်တင်ဘာလ ၂ ရက်နေ့တွင် စစ်ကောင်စီသည် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် MNDAA၊ TNLA နှင့် AA တို့ကို “အကြမ်းဖက်အဖွဲ့များ” အဖြစ် ကြေညာခဲ့သည်။ စက်တင်ဘာလအတွင်း ဆီဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး တလီတာလျှင် ကျပ် ၃,၂၀၀ ကျော်အထိ ရှိခဲ့သည်။ မကြာမီတွင် လျှပ်စစ်မီတာခများကိုလည်း နှစ်ဆခွဲအထိ တိုးမြှင့်ကောက်ခံခဲ့သည်။ နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်ခေါင်းဆောင်နှင့်အဖွဲ့ တရုတ်နိုင်ငံသို့ ထွက်ခွာပြီးနောက် နေပြည်တော် အေလာလေဆိပ်၌ ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာလတွင် MNDAA သည် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။ ဇူလိုင်လတွင် AA က သံတွဲလေဆိပ်ကို သိမ်းပိုက်ခဲ့ပြီး၊ စက်တင်ဘာလတွင်လည်း မောင်တောမြို့နယ်မှ စစ်ကောင်စီ၏ နခခ (၂) စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းနှင့် အရပ်သား ၅၀ ကျော် သေဆုံးခဲ့သည်။ KNLA ပူးပေါင်းတပ်ဖွဲ့များသည် နှစ်ပေါင်း ၃၀ နီးပါး စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သော မာနယ်ပလော စခန်းဟောင်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြသည်။[31]

ဒီဇင်ဘာ ၁၀ ရက်နေ့တွင် AA က မောင်တောဒေသတခုလုံးကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၄၅၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရိုဟင်ဂျာလက်နက်ကိုင်အများအပြားကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက်၊ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် AA သည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းပိုက်ခဲ့ရာ ဒုတိယတိုင်းမှူး နှစ်ဦးကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့သည်။ ချင်းပြည်နယ်တွင်လည်း မင်းတပ်နှင့် ကန်ပက်လက်မြို့များကို သိမ်းပိုက်ပြီးနောက် ချင်းတောင်ပိုင်းတခုလုံး စစ်ကောင်စီတပ်ကင်းစင်သွားပြီဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောကြားခဲ့ကြသည်။
------------------
[1] ဇန်နဝါရီ ၁၆ ရက်နေ့၊ ပြင်ဦးလွင်မြို့၌ ကျင်းပသော ဘာသာသာသနာထိန်းသိမ်းရေးဆန္ဒပြပွဲတွင် အမျိုးသားရေးဆရာတော် ဦးအရိယာဝံသ (ခေါ်) ပေါက်ကိုယ်တော်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ နုတ်ထွက်ရန် တိုက်တွန်းခဲ့ပြီး ယင်းရာထူးကို ဒုတိယစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံ လွှဲပေးသင့်ကြောင်း ဆိုရှယ်မီဒီယာတွင် ထပ်မံဖော်ပြခဲ့သည်။

[2] ဇန်နဝါရီလ ၂၃ ရက်တွင် ဗိုလ်ချုပ်စိုးဝင်းက ကရင်ပြည်သို့ နေ့ချင်းပြန်သွားပြီး BGF ဗိုလ်မှူးကြီး စောချစ်သူနှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

[3] Myanmar Humanitarian Needs and Response Plan 2024 (December 2023)

[4] Myanmar Humanitarian Needs and Response Plan 2024 Addendum

[5] စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမိန့်ဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ယနေ့ စတင်ပြဋ္ဌာန်းလိုက်ကြောင်း ကြေညာခဲ့သည်။ ဤဥပဒေအရ စစ်မှုထမ်းရမည့် အဓိက သတ်မှတ်ချက်များမှာ အသက် (၁၈) နှစ်မှ (၃၅) နှစ်အရွယ် အမျိုးသားများနှင့် အသက် (၁၈) နှစ်မှ (၂၇) နှစ်အရွယ် အမျိုးသမီးများ ပါဝင်သည်။အထူးကျွမ်းကျင်သူများဖြစ်ကြသည့် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာရှင်များအတွက်မူ အမျိုးသားများအား အသက် (၁၈) နှစ်မှ (၄၅) နှစ်အထိ၊ အမျိုးသမီးများအား အသက် (၁၈) နှစ်မှ (၃၅) နှစ်အထိ သတ်မှတ်ထားသည်။ စစ်မှုထမ်းရန် သတ်မှတ်အသက်အရွယ်ရောက်သူတိုင်းကို အများဆုံး (၂၄) လထက် မပိုသော ကာလအပိုင်းအခြားအတွက် ဆင့်ခေါ်နိုင်ပြီး၊ ကျွမ်းကျင်သူများဆိုလျှင် အများဆုံး (၃၆) လထက် မပိုသော ကာလအတွက် ဆင့်ခေါ်နိုင်သည်။ အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါက စစ်မှုထမ်းကာလကို အများဆုံး (၅) နှစ်အထိ တိုးမြှင့် သတ်မှတ်နိုင်ကြောင်းလည်း အဆိုပါ ဥပဒေတွင် ဖော်ပြပါရှိသည်။

[6] ၂၀၂၄ ဖေဖော်ဝါရီထုတ် အမေရိကန် တရားရေးဌာန (DOJ) ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည့် အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ (DEA) ၏ စုံစမ်းစစ်ဆေးမှုများအရ၊ ဂျပန် ရာကူဇာဂိုဏ်းခေါင်းဆောင် Takeshi Ebisawa (တာကီရှီ အာဘီဆာဝါ) သည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့တခု (RCSS အပါအဝင်ဟု စွပ်စွဲခံရ၊ RCSS က ပြန်ငြင်းသည်) အတွက် လက်နက်ဝယ်ယူရန် ရည်ရွယ်ပြီး မူးယစ်ဆေးဝါးများ ရောင်းချရန်နှင့် နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့်အဆင့်ရှိသော ယူရေနီယမ်နှင့် ပလူတိုနီယမ် အပါအဝင် နျူကလီးယားပစ္စည်းများ မှောင်ခိုကူးရန် ပူးပေါင်းကြံစည်ခဲ့ကြောင်း ဖော်ပြထားသည်။ အာဘီဆာဝါသည် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုသမားအဖြစ် ဟန်ဆောင်ထားသော DEA အေးဂျင့်တစ်ဦးအား နျူကလီးယားပစ္စည်းနမူနာများ ပေးပို့ခဲ့ပြီး၊ အဆိုပါနမူနာများကို အမေရိကန်ဓာတ်ခွဲခန်းတစ်ခုက စစ်ဆေးရာ ယူရေနီယမ်၊ သိုရီယမ်နှင့် လက်နက်အဆင့် ပလူတိုနီယမ် များ ပါဝင်နေကြောင်း အတည်ပြုခဲ့သည်။ အာဘီဆာဝါသည် သူ၏ ပြစ်မှုများအတွက် မကြာသေးမီက အမေရိကန် တရားရုံးတွင် အပြစ်ဝန်ခံခဲ့ပြီး အီရန်နိုင်ငံသို့ နျူကလီးယားပစ္စည်းများ ရောင်းချရန် ကြိုးပမ်းခြင်း၊ မြန်မာလက်နက်ကိုင်အဖွဲ့များအတွက် စစ်လက်နက်များ ဝယ်ယူရန် ကြံစည်ခြင်းနှင့် ဆက်စပ်နေကြောင်း စွပ်စွဲချက်များတွင် ပါဝင်သည်။

[7] https://www.facebook.com/bbcnews. (2024, April 4). ရိုဟင်ဂျာတွေကို ပြည်တွင်းစစ်မှာအသုံးပြုနေ. BBC News မြန်မာ. https://www.bbc.com/burmese/articles/c8761zmex4jo

[8] ဤသည်မှာ 'သွေးခွဲအုပ်ချုပ်ခြင်း' ၏ ခေတ်သစ်ပုံစံတရပ်ဖြစ်ပြီး၊ ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးခေတ်များတွင် ဗဟိုအစိုးရများက လူမျိုးစုများအကြား ပဋိပက္ခဖြစ်စေရန် အသုံးပြုခဲ့သည့် နည်းဗျူဟာကို ဆက်လက်ကျင့်သုံးနေခြင်းပင် ဖြစ်သည်။ တမြေထဲ တရေထဲမှ လူမျိုးစုများကို အားနည်းစေပြီး၊ ဗဟို၏ ထိန်းချုပ်မှုကို ခိုင်မာစေနိုင်သည်။ 

[9] ဗွီအိုအေ (မြန်မာဌာန. (2024, April 10). မော်လမြိုင် စစ်ရုံးချုပ် ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့ သတင်းထုတ်ပြန်. ဗွီအိုအေ; ဗွီအိုအေသတင်းဌာန. https://burmese.voanews.com/a/drone-attack-in-mawlamyaing/7564042.html

[10]  မြဝတီမြို့တိုက်ပွဲသည် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူရဲ့အာဏာတည်ဆောက်ရေးအတွက် ဗျူဟာကျသည့်အကျိုးအမြတ်ထွက်ပေါ်စေခဲ့သည်ဟု အမေရိကန်ပြည်ထောင်စုငြိမ်းချမ်းရေးအင်စတီကျု USIP ကဆိုသည်။ 

[11] https://www.facebook.com/bbcnews. (2024, May). တော်လှန်ရေး - သုံးနှစ်တာကာလ NUG ၊ နယ်မြေစိုးမိုးမှုနဲ့ ပသုံးလုံးပြဿနာ. BBC News မြန်မာ. https://www.bbc.com/burmese/articles/ckmjlzvmk26o

[12] ဘဏ္ဍာရေးကျပ်တည်းမှုကြာလာသည်နှင့်အမျှ ပိုဆိုးလာသောပြဿနာပင်ဖြစ်သည်။

[13] 

[14] RFA Burmese. (2024, May 6). MNDAA ရဲ့ လူမြင်ကွင်းရှေ့ သေဒဏ်စီရင်မှု ဝေဖန်ခံနေရ. မြန်မာဌာန; Radio Free Asia. https://www.rfa.org/burmese/program_2/mndaa-public-execution-under-criticism-05062024011413.html

[15] တော်လှန်ရေးအင်အားစုများအပါအဝင် အရပ်ဖက်အဖွဲ့ (၁၉၅) ဖွဲ့၏ ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ ထုတ်ပြန်ချက်ပါ အချက်အလက်အချို့သည် အာရက္ခတပ်တော်-AA အပေါ် မှားယွင်းသော တဖက်သတ် စွပ်စွဲချက်များဖြစ်ကြောင်း AA က မေလ(၂၄)ရက်နေ့ရက်စွဲဖြင့်ပြန်လည် တုံ့ပြန်သည်။ တုံ့ပြန်ရာတွင်လည်း "လူ့အခွင့်အရေးခေါင်းစဥ်တပ် အသုံးချခံခဲ့ရသည့်အဖွဲ့များ၊ လူတချို့မှ နိုင်ငံရေးအရ နာမည်စာရင်းအတွင်း ထည့်သွင်းခဲ့သည့်အဖွဲ့များလည်း ပါဝင်နေပြီး ထုတ်ပြန်ချက်ပါအဖွဲ့နှင့်တာဝန်ခံများကိုလည်း AA အနေ ဖြင့် မှတ်တမ်းတင်ထားသည်" ဟု ဆိုရာ ထပ်ဆင့်ပြဿနာလည်း ကျိတ်၍ဖြစ်ခဲ့သေးသည်။ 

[16] TNLA သည် မဟာမိတ်များဖြစ်ကြသော KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နှင့် SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ) တို့နှင့် နယ်မြေအတွင်း အင်အားသုံး၍ တပ်ဖွဲ့များ ဖယ်ရှားခိုင်းမှုကြောင့် ပြဿနာများ ဖြစ်ပွားလျက်ရှိသည်။ ထင်ရှားသော ဖြစ်ရပ်များအဖြစ်၊ TNLA က ကွတ်ခိုင်မြို့အတွင်း ဖွင့်လှစ်ထားသည့် KIA ဆက်ဆံရေးရုံးကို ဖယ်ရှားပေးရန် ပြောဆိုခဲ့သည်။ ထို့ပြင် မူဆယ်မြို့နယ်၊ ကောင်းနောင်ရပ်ကွက်ရှိ ဦးကျောက်တဲ့ယုန် ပိုင်ဆိုင်သည့် ONE NINE ဓာတ်ဆီဆိုင် အတွင်း အခြေချထားသော KIA တပ်ဖွဲ့ဝင်များကိုလည်း အဆိုပါနေရာမှ ဖယ်ရှားကာ မူလပိုင်ရှင်အား ပြန်လည်လွှဲပြောင်းပေးရန် TNLA က တရားဝင် စာထုတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရှိရသည်။

[17] မင်းမောင်. (2024, June 10). ၁၀၂၇ စစ်ဆင်ရေးအပြီး ရှမ်းမြောက်တွင် နယ်မြေအငြင်းပွားမှု မြင့်တက်လာ. Myanmar Now. https://myanmar-now.org/mm/news/53110/

[18] အလွတ်သဘော အပစ်အခတ်ရပ်စဲရေးသည် ကာလသတ်မှတ်ချက်မရှိဘဲ စစ်တပ်က ကတိကဝတ်များ မည်မျှလိုက်မှု ရှိသညနှင့် နှစ်ဖက်ညှိနှိုင်းမှု အတိုင်းအတာပေါ်တွင်လည်း မူတည်နေကြောင်း ခိုင်သုခကပြောသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ်ရာသီဥတုနှင့်စက်သုံးဆီပြတ်တောက်မှုများကြောင့် လယ်စိုက်ဧက ၃၀ ရာခိုင်နှုန်း လျှော့နည်းခဲ့ရပြီး အပြည့်အဝမစိုက်ပျိုးနိုင်သည့်အပြင် စစ်ကောင်စီ၏ လက်နက်ကြီးငယ် ပစ်ခတ်မှုကြောင့် ပြည်သူများသည် စပါးစိုက်ပျိုးမှုကို မပြုလုပ်နိုင်ဘဲ ကြီးမားသည့် အခက်အခဲများ ဆိုးဆိုးဝါးဝါးခံစားနေရကြောင်း၊ ယင်းအချိန်တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် နှင့်ပလက်ဝတွင် ပြည်သူလူထု၏ အခြေခံလိုအပ် ချက်ဖြစ်သည့် စားသောက်ကုန်၊ဆေးဝါးအပါအဝင် လူ့အသုံးအဆောင်ပစ္စည်းများကို သယ်ယူပို့ဆောင်၍ မရအောင် ကုန်းကြောင်း ရေကြောင်း ပိတ်ဆို့ထားသည့်အတွက် ပြည်သူများ စားနပ်ရိက္ခာပြတ်တောက်ပြီး ဆေးရုံများတွင်လည်း ဆေးဝါးများပြတ်တောက်နေကြောင်း၊ ပြည်သူများအနေဖြင့် ဆေးဝါးရိက္ခာနှင့် စပါးရိတ်သိမ်းရန်အတွက် အရေးပေါ်လိုအပ်နေခြင်းကြောင့် ရက္ခိုင်တပ်တော် အေအေအနေဖြင့် ပြည်သူလူထု အကျိုးစီးပွားကို မဏ္ဍိုင်ပြု၍ စစ်ကောင်စီနှင့် လူသားချင်းစာနာမှုဆိုင်ရာ ယာယီ အပစ်အခတ်ရပ်စဲမှုတခုကို အလွတ်သဘောလုပ်ဆောင်ထားခြင်းဖြစ်ကြောင်း ခိုင်သုခကပြောသည်။

[19] NUG ၏ CDM အောင်မြင်ရေးကော်မတီသည် အရပ်ဘက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူများအား ဂုဏ်ပြုချီးမြှောက်ရန်၊ အကာအကွယ်ပေးရန်နှင့် ပြန်လည်ကုစားရန်အတွက် မူဝါဒနှင့် ဥပဒေများ လိုအပ်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလကတည်းက စတင်ဆွေးနွေးခဲ့သည်။ CDM ကိုယ်စားလှယ်များနှင့် ဝန်ကြီးဌာနအလိုက် ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ပြီးနောက် မူကြမ်းများကို အဆင့်ဆင့် ရေးဆွဲခဲ့သည်။ ပထမမူကြမ်းမှစ၍ ဒုတိယမူကြမ်းကို NUG ၏ ဝန်ကြီးဌာနအချင်းချင်း အစည်းအဝေး (IMM) သို့ တင်ပြကာ၊ တတိယမူကြမ်းကို ရေးဆွဲခဲ့သည်။ ထို့နောက် စတုတ္ထမူကြမ်းကို NUCC (အမျိုးသားညီညွတ်ရေးနှင့် အတိုင်ပင်ခံကောင်စီ) မှ ဖွဲ့စည်းထားသည့် JCC-CDM ထံ ပေးပို့ကာ အကြံပြုချက်များ ရယူခဲ့သည်။  ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် "NUCC ၏ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ" ခေါင်းစဉ်ဖြင့် အဓိကမူဝါဒလေးရပ်ကို ချမှတ်ခဲ့သည်။ ယင်းမူဝါဒများတွင် CDM များအား ဂုဏ်ပြုခြင်း၊ တရားမျှတမှုနှင့် ပြန်လည်ကုစားမှု ပေးခြင်း၊ ဆက်စပ်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ဆက်လက်ရေးဆွဲခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သည့် Non-CDM ဝန်ထမ်းများအား ဥပဒေအရ အရေးယူခြင်းတို့ ပါဝင်သည်။
ထို့ပြင် ၂၀၂၃ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီသည် CDM ဥပဒေမူကြမ်းကို ရေးဆွဲပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့၌ CDM အောင်မြင်ရေးကော်မတီသို့ ပေးပို့ခဲ့သည်။ ဤနေရာတွင် ပွတ်တိုက်မှုများစွာ ရှိနေခဲ့ပြီဖြစ်သည်။ CRPH က ၂၀၂၅ မေ ၂၂ရက်မှာ အပြီးသတ်ဆွေးနွေးခဲ့ကြ၍ ဇွန် ၁၃ရက်မှာ အခန်း(၇)ခန်း၊ ပုဒ်မ (၃၅)ရပ်ဖြင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြဌာန်းခဲ့သည်။  Non-CDMတွေကို စစ်တပ်နဲ့ပိုပူးပေါင်းဖို့တွန်းပေးသလိုဖြစ်ပြီး စစ်အုပ်စုကိုသက်ဆိုးရှည်စေမှာဖြစ်ကြောင်းနဲ့ Non-CDMတွေကိုကြိုဆိုခြင်းဟာ ရန်သူရဲ့ပျော့ကွက်ကိုထိုးနှက်ခြင်းဖြစ်ပြီး ရန်သူနဲ့မတူတဲ့စာနာစိတ်ရှိခြင်းကို ပြသခြင်းဖြစ်သည်ဟု ဝေဖန်ခံရသည်။ https://www.bvjnews.com/post/1d7qnm4b

[20] https://www.facebook.com/bbcnews. (2025, December). ရန်ကုန်မှာ မီးဖြတ်ချိန်ပိုလာပြီး ရေပါပြတ်လပ်လာ. BBC News မြန်မာ. https://www.bbc.com/burmese/articles/ckg9vgl4xzjo

[21] ညီလာခံ ကိုယ်စားလှယ် ၂၀၄ ဦး၊ ညီလာခံတွင် ပါဝင်ဆွေးနွေးရန် အထူးဖိတ်ကြားထားသူ ၁၀၄ ဦးနှင့် လေ့လာသူ ၁၂၈ ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်ဟု NUCC မှ ဧပြီ ၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။ သို့သော် ညီလာခံ၏ နောက်ဆုံးနေ့ဖြစ်သော ပဥ္စမမြောက်နေ့၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့၏ ကိုယ်စားလှယ်များ ဆက်လက်တက်ရောက်ခြင်းမပြုခဲ့ပေ။ ထို့ကြောင့် ညီလာခံ ပဥ္စမမြောက်နေ့ တက်ရောက်သူဦးရေ အရေအတွက်မှာ လူဦးရေအားဖြင့် ၄၉ ရာခိုင်နှုန်းသာ တက်ရောက်ခဲ့သောကြောင့် အပြည့်အဝ ရာနှုန်းပြည့် အောင်မြင်ခြင်းမရှိသည်ကို ဝန်ခံကြောင်း NUCC ကိုယ်စားလှယ်မှ မဇ္ဈိမ သတင်းဌာနသို့ ၁၂ ဧပြီလ ၂၀၂၄ တွင် ပြောသည်။

[22] စစ်ခေါင်းဆောင်က နေပြည်တော်၌ ဘာသာရေးအဆောက်အဦများ တည်ဆောက်နိုင်ရေးအတွက် ဘာသာပေါင်းစုံအဖွဲ့အစည်းများကို မြေဧက (၂) ဧကစီ ခွဲဝေပေးအပ်ခဲ့သည့်ကိစ္စအား ပြန်လည်စိစစ်၍ ရုပ်သိမ်းပေးရန် အမျိုးသားရေးလှုပ်ရှားသူများက ၂၀၂၅ ခုနှစ် မေလ ၃ ရက်နေ့တွင် ကန့်ကွက်စာ ထုတ်ပြန် တောင်းဆိုသည်။ အဆိုပါမြေပေးမှုသည် နေပြည်တော်အား ဘာသာပေါင်းစုံ ကိုယ်စားပြုနေရာအဖြစ် ပေါ်ပေါက်လာစေရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ယင်းတွင် အစ္စလာမ်ဘာသာဝင်များကိုပါ မြေပေးအပ်ခဲ့ခြင်းကြောင့် မျိုးချစ်သမဂ္ဂအင်အားစု (မွန်ပြည်နယ်) က ပြန်လည်စိစစ်၍ ရုပ်သိမ်းပေးရန် တောင်းဆို ထုတ်ပြန်ခဲ့သည်။

[23] ပွိုင့်ဖိုက်စက်သေနတ် ၂ လက်ဖြင့် ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ်သည် စစ်ကောင်စီအခြေချ စစ်ဗျူဟာရှိရာ ဘောလခဲမြို့နယ်သို့ လှည့်ပြန်စဉ် လမ်းတွင် ပျက်ကျသွားခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူး ၃ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရသွားသည်ဟု ကရင်နီတော်လှန်ရေးတပ်များက ဆိုသည်။ https://myanmar-now.org/mm/news/52154/

[24] ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင် နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒစက) လောက်ကိုင် ဒစကမှူးဟောင်း ဗိုလ်ချုပ်ဇော်မင်း တို့ စုစုပေါင်း (၄) ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ထောင်ဒဏ် (၁၀) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းတပ်ဖွဲ့မှ ညွှန်ကြားရေးမှူးဖြစ်သူ ဗိုလ်ချုပ်တဦးကိုလည်း အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ https://burmese.dvb.no/post/652839

[25] စစ်ခေါင်းဆောင် ယာယီသမ္မတအဖြစ် တာဝန်ယူပြီး သုံးရက်အကြာတွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဒီမိုကရေစီမဟာမိတ်တပ်မတော် / ကိုးကန့်တပ် - MNDAA က သိမ်းယူလိုက်ပြီး သမိုင်းဝင်အောင်ပွဲဖြစ်သည်ဟု MNDAA က ကြေညာသည်။ https://myanmar-now.org/mm/news/55386/

[26] ကွယ်လွန်ချိန် အသက် ၉၈ နှစ်ရှိပြီဖြစ်သည်။

[27] ဝင်းနိမ္မိတာရုံဆရာတော်သည် စစ်တပ်အာဏာသိမ်းမှုကို လက်မခံဟု ကြေငြာခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပဲခူးမြို့အခြေစိုက် စာသင်တိုက် ၁၁ တိုက်၏ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ပူးတွဲကြေညာချက်တစ်စောင်ထွက်ပေါ်ခဲ့ဖူးပြီး ကြေညာချက်တွင် ပထမဆုံးလက်မှတ်ထိုးခဲ့သူမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် အရှင်မုနိန္ဒာဘိဝံသဖြစ်သည်။ ဝင်းနိမ္မိတာရုံဆရာတော်သည် ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်မှုဆောင် အပါး ၂၀ တွင် ပါဝင်သည့် ဆရာတော်ဖြစ်ပြီး ရွှေကျင်ဂိုဏ်းအစည်းအဝေးတက်ရန် လာရောက်စဉ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း Myanmar Now တွင် တွေ့ရသည်။ https://myanmar-now.org/mm/news/53675

[28] အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီးဟောင်း၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်) ၏ ပါမောက္ခချုပ်ဟောင်း ဒေါက်တာနေစိုးမောင်သည် “နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်” အွန်လိုင်းလူမှုကွန်ရက်တွင် လှုံ့ဆော် ဝါဒဖြန့်ခဲ့သည်ဟု စစ်တပ်က အောက်တိုဘာ ၂၄ တွင် ထုတ်ပြန်သည်။ ၂၀၂၅ ဇန်နဝါရီ ၁၆ ရက်၌ ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

[29] နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ၏ ရှေ့နေချုပ် Karim A.A. Khan KC က မြန်မာစစ်တပ်တာဝန်ရှိသူများအား ဖမ်းဝရမ်းထုတ်ပြန်နိုင်ရေးအတွက် တရားရုံးသို့ လျှောက်ထားခဲ့သည်။ တရားသူကြီး သုံးဦးဖြင့် ဖွဲ့စည်းထားသော အဖွဲ့က စိစစ်အတည်ပြုပြီးပါက ဖမ်းဝရမ်း ထုတ်ပြန်သွားရန်ဖြစ်သည်။ ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် မြန်မာစစ်တပ် တာဝန်ရှိသူများအရေးကို အရေးယူပေးရန် ICC တရားရုံးတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ကတည်းက စတင်၍ လျှောက်ထားတောင်းဆိုမှုများ ရှိခဲ့သည်။ နိုဝင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့် အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်း အဝေး၏ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ အစီရင်ခံစာ ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှုတွင် မိန့်ခွန်းပြောကြားရာ၌ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)အနေဖြင့် စစ်ကော်မရှင်‌ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ဆုံးဖြတ်ချက်အား ချက်ချင်းချမှတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

[30] ကမ္ဘာလုံးဆိုင်ရာ စနစ်တကျ ရာဇဝတ်မှု အညွှန်းကိန်း (Global Organized Crime Index) သည် ရာဇဝတ်မှုအဆင့်နှင့် စနစ်တကျ ရာဇဝတ်မှုအပေါ် ခံနိုင်ရည်ရှိမှုတို့ကို အဓိက ကဏ္ဍကြီးသုံးခုဖြစ်သည့် ရာဇဝတ်မှုဈေးကွက်များ၊ ရာဇဝတ်မှု ကျူးလွန်သူများနှင့် ခံနိုင်ရည်ရှိမှုတို့အလိုက် နိုင်ငံပေါင်း (၁၉၃) နိုင်ငံအတွက် အကဲဖြတ်သည့် ဘက်ပေါင်းစုံပါဝင်သော ကိရိယာတခု ဖြစ်သည်။ အရေအတွက်ဆိုင်ရာနှင့် အရည်အသွေးဆိုင်ရာ အချက်အလက်အရင်းအမြစ် နှစ်မျိုးလုံးမှ ထုတ်နုတ်ထားကာ GI-TOC ၏ ဒေသဆိုင်ရာ လေ့လာရေးဌာနများမှ ကျွမ်းကျင်သူ (၃၅၀) ကျော်၏ အကဲဖြတ်ချက်များနှင့် အကဲဖြတ်မှုများကို အခြေခံထားသည်။ ၂၀၂၄ ထုတ်ပြန်ချက်သတင်း - https://english.dvb.no/myanmar-ranked-number-one-in-global-organized-crime-index/

[31] ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်အနီး သောင်ရင်းမြစ်ဘေးရှိ မာနယ်ပလောဒေသမှ စစ်ကောင်စီတပ်စွဲထားသည့် ခြေမြန်တပ်ရင်း ခမရ (၉၁၃)၊ ခေါ် နို့ဒေးစခန်းကို KNDO (ကရင်အမျိုးသားများကာကွယ်ရေးတပ်) နှင့် ပူးပေါင်းတပ်များက ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ နို့ဒေးစခန်းသည် မာနယ်ပလောဒေသရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည်။ KNU နှင့် ပူးပေါင်းတပ်များသည် နိုဝင်ဘာလကတည်းက စခန်းအား ဝန်းရံပိတ်ဆို့ထားခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့တွင်မှ အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ မာနယ်ပလောစခန်းသည် ယခင်က KNU ၏ အထင်ကရဌာနချုပ်ဖြစ်ဖူးပြီး တပ်ပေါင်းစုအဖွဲ့ဝင်များ စခန်းထိုင်ရာ နေရာဖြစ်ခဲ့သည်။ ထိုမာနယ်ပလောဌာနချုပ်ကို မြန်မာစစ်တပ်နှင့် DKBA ပူးပေါင်းတပ်များက ၁၉၉၅ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်ထိုးစစ်များဖြင့် တိုက်ခိုက်သိမ်းယူခဲ့ဖူးသည်။

Comments

Popular posts from this blog

မိုးကုတ်အရေး၊ မဟာဗျူဟာအဟနှင့် ပြည်သူ့တော်လှန်ရေး၏ အကျပ်အတည်း

သတင်းအတွေး - ဒီဇင်ဘာ ၁၊ ၂၀၂၅   မန္တလေးတိုင်း၊ မိုးကုတ်မြို့သို့ စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်လာသည်။ ဤသို့ ပြန်လည်ဝင်ရောက်လာခြင်းမှာ သာမန်စစ်ရေးလှုပ်ရှားမှုတခု မဟုတ်ဘဲ၊ ပြည်ပဖိအား (တရုတ်)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ဒေသခံတော်လှန်ရေးအင်အားစု (PDF) တို့ကြားမှ ရှုပ်ထွေးပွေလီလှသော "သုံးပွင့်ဆိုင် အာဏာကစားပွဲ" (Triangular Power Game) ၏ ရလဒ် ဖြစ်သည်။ ကျောက်မျက်ရတနာ ပေါကြွယ်ဝသောကြောင့် မိုးကုတ်မြို့သည် စစ်ရေးဗျူဟာအရသာမက၊ နိုင်ငံရေးစီးပွားရေး (Political Economy) အရပါ အရေးပါနေသည်။ ထို့အတွက်ကြောင့် ဤအပြောင်းအလဲသည် နက်နဲသော နိုင်ငံရေးအဓိပ္ပာယ်များ ဆောင်လျက်ရှိ၏။ တရုတ်၏ "Pax Sinica" နှင့် အချုပ်အခြာအာဏာ၏ ကန့်သတ်ချက်များ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် TNLA က မိုးကုတ်နှင့် မိုးမိတ်ကို ပြန်လည်အပ်နှံလိုက်ရခြင်းသည် မြန်မာ့ပဋိပက္ခတွင် ပြည်ပသြဇာလွှမ်းမိုးမှု (External Hegemony) မည်မျှကြီးမားကြောင်း ထင်ရှားစေသည်။ ကိုလိုနီခေတ်လွန် နိုင်ငံရေးသီအိုရီရှုထောင့်မှကြည့်လျှင် ဤအခြေအနေကို "မျက်နှာဖုံးစွပ် အချုပ်အခြာအာဏာ" (Masked Sovereignty) ဟု ဆိုနိုင်သည်။ စစ်...

ရွှေကုက္ကိုနှင့် KK Park - အာဏာ၊ အကျိုးစီးပွားနှင့် မျက်လှည့်ပြပွဲ

သတင်းအတွေး - ဒီဇင်ဘာ ၁၊ ၂၀၂၅   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ် (BGF/KNA) ထိန်းချုပ်ရာ ရွှေကုက္ကိုဒေသမှ အဆောက်အအုံ ၁၀၀ ကျော်ကို တရားမဝင်ဟု သတ်မှတ်ကာ စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြေညာရာ၌ စုစုပေါင်း အဆောက်အအုံ ၁၃၅ လုံးအနက် ၁၀၁ လုံးကို ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့၏။ ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသရှိ ရွှေကုက္ကိုနှင့် KK Park စီမံကိန်းများအပေါ် စစ်ကောင်စီ၏ ကိုင်တွယ်ပုံသည် ဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်မဟုတ်ဘဲ၊ ကိုလိုနီခေတ်လွန် နိုင်ငံရေးသီအိုရီရှုထောင့်မှ ကြည့်လျှင် ဤသည်မှာ ဗဟိုအစိုးရ၏ အာဏာပြသမှု၊ အကျိုးစီးပွား ညှိနှိုင်းမှုနှင့် နယ်ခြားဒေသထိန်းချုပ်ရေး မဟာဗျူဟာများ ရောယှက်နေသော နိုင်ငံရေးပြဇာတ်ကြီး တရပ်သာဖြစ်သည်။ စစ်တပ်သည် KK Park တွင် အဆောက်အအုံများကို ဖောက်ခွဲဖြိုချသော်လည်း၊ ပိုမိုကြီးမားသော ရွှေကုက္ကိုတွင်မူ "ချိပ်ပိတ်" ရုံသာ ပြုလုပ်ခြင်းက သူတို့၏ စံနှုန်းနှစ်ခုထားရှိမှု (Double Standard) နှင့် နောက်ကွယ်မှ ရှုပ်ထွေးသော အာဏာဆက်ဆံရေးများကို ပေါ်လွင်စေပါသည်။ နယ်ခြားဒေသနှင့် အချုပ်အခ...

လားရှိုး သို့မဟုတ် ကိုလိုနီသစ် အရိပ်အောက်က သေနတ်ပြောင်းဝမှ မြို့

သတင်းအတွေး - နိုဝင်ဘာ ၃၀၊ ၂၀၂၅  သျှမ်းပြည်နယ်မြောက်ပိုင်း၏ အချက်အချာကျသော လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ အောင်မြင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအပြီး ရှစ်လအကြာ၌ အုပ်ချုပ်ရေးယန္တရား၏ အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိသည်။ စစ်ကောင်စီ၏ တပ်များက မြို့တွင်း ၁၂ ရပ်ကွက်ကို ပြန်လည်ထိန်းချုပ်ထားသော်လည်း၊ မြို့၏ အသက်သွေးကြောဖြစ်သော ဝင်ပေါက်ထွက်ပေါက်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် အဓိက တက္ကသိုလ်ပညာရေးအဆောက်အအုံများကို MNDAA က ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံရေးဖိအားကြောင့် စစ်တပ်က မြို့လယ်ကို ပြန်ရခဲ့သော်လည်း၊ လက်တွေ့မြေပြင်တွင် စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးအရ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည်။ စစ်တပ်ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါးနှင့် ခိုးဆိုးလုယက်မှုများ တိုးပွားလာပြီး၊ မြို့ခံပြည်သူများသည် အုပ်ချုပ်သူနှစ်ဦးကြားတွင် အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရသည်။ သမိုင်း၏ အလှည့်အပြောင်းနှင့် ကိုလိုနီအမွေအနှစ် လားရှိုးသည် ဒုတိယကမ္ဘာစစ်ကာလကတည်းက မဟာမိတ်တပ်များ၊ ဂျပန်နှင့် တရုတ်တို့၏ စစ်စခန်းချရာ ဗျူဟာမြောက်မြို့ဖြစ်ခဲ့ပြီး၊ စစ်ပြီးခေတ်တွင်လည်း ဗမာပြည်ကွန်မြူနစ်...