ရခိုင်ပြည်တွင် ကျောက်တော်မြို့၌ ၂၀၂၂ ဇန်နဝါရီ ၁ ရက်နေ့ ရခိုင်-မွတ်ဆလင် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲကို AA မှ ဦးစီးကျင်းပခဲ့ပြီး ဆက်ဆံရေးတိုးတက်မှုများ ရှိလာသည်။ ရခိုင်တွင် မွတ်ဆလင် လူမျိုးများ၏ တည်ရှိမှုကို လက်ခံ၍ အခေါ်အဝေါ်ကိစ္စနောက်မှရှင်းမည်ဟု AA မှ ပြောခဲ့သည်။ မြန်မာစစ်တပ်မှ ပေးသော ကိုဗစ်ဆေးများကိုလည်း AA က လက်ခံခဲ့ပြီး အတိုက်အခိုက် နည်းပါးခဲ့သည်။
၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ တပ်များက ဇန်နဝါရီလဦးပိုင်းအတွင်း လွိုင်ကော်မြို့ကို ပိတ်ဆို့ကာ လေကြောင်း စစ်ဆင်ရေးများဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့ရာ ဒေသခံများစွာ စစ်ပြေးခဲ့ရသည်။ နိုင်ငံအနှံ့တွင် စစ်ကောင်စီတပ်သားများ ချုံခိုတိုက်ခိုက်ခြင်းကိုလည်း အလူးအလဲ ခံခဲ့ရသည်။ ဖေဖော်ဝါရီ ၄ ရက်နှင့် ၆ ရက်နေ့များတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီစစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဖေဖော်ဝါရီ ၈ ရက်တွင် PDF အချို့အနေဖြင့် စစ်ကောင်စီလေတပ်လေသူရဲများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။
ဖေဖော်ဝါရီလ ၁၂ ပြည်ထောင်စုနေ့ စိန်ရတုအခမ်းအနားကို ULA မှ ဦးဦးလှစောက တက်ရောက်ပြီး ထိုနေ့က AA နှင့် ဆက်စပ်နေရသည်ဟုဆိုကာ တရားစွဲခံထားရသူ ၄၆ ဦးကို လွှတ်ပေးခဲ့သည်။ သို့သော် ငြိမ်းချမ်းရေး ဆွေးနွေးမှုများအတွက်မူ ပြည်သူတင်မြှောက်သည့် အစိုးရမဟုတ်ဟုဆိုကာ ရက္ခိုင့်တပ်တော် ပယ်ချလိုက်သည်။[1]
မတ်လ ၂ ရက်နေ့တွင် နာမည်ကြီးအနုပညာရှင်များအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ခဲ့သည်။ မတ်လ ၂၁ ရက်နေ့တွင် အမေရိကန်သမ္မတဘိုင်ဒန်၏ အစိုးရက မြန်မာစစ်တပ်သည် လူမျိုးသုဉ်းသတ်ဖြတ်မှု ပြုလုပ်ခဲ့ကြောင်း တရားဝင်အသိအမှတ်ပြုသည်။ အကျအဆုံးများလာသောကြောင့် ဗိုလ်မင်းအောင်လှိုင်က ပုန်ကန်ဆန့်ကျင်သူများကို အပြီးသတ်ချေမှုန်းမည်ဟု ဆိုလာသည်။ သို့သော် စစ်တပ်၏ ဆုံးရှုံးမှုမှာ များမြဲ များဆဲ ဖြစ်သည်။
ယင်း ၂၀၂၂ တပ်မတော်နေ့မိန့်ခွန်းတွင် ဗိုလ်မင်းအောင်လှိုင်က ယခုကဲ့သို့ ပြောသည်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လို့ ဆိုရာမှာ လွတ်လပ်ရေး မရခင်နဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံရေးအရ၊ တိုင်းရင်းသားရေး အရ၊ အယူဝါဒရေးရာအရ သဘောထား မတိုက်ဆိုင်တဲ့အတွက် လက်နက်ကိုင်ရတဲ့ အဖွဲ့အစည်းတွေရှိသလို ၂၀၁၁ ခုနှစ် ပါတီစုံ ဒီမိုကရေစီစနစ်ကို ပြောင်းလဲပြီးမှ ဒီမိုကရေစီကို မျက်ကွယ်ပြုပြီး ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ရှိတယ်။ ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲပြီးမှ လက်နက်ကိုင်အကြမ်းဖက်လာတဲ့ အဖွဲ့တွေလည်းရှိလာတယ်။ လက်ရှိအချိန်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုများဟာ အချို့သော EAOs များထံက မြစ်ဖျားခံလာခဲ့တာ တွေ့ရမှာဖြစ်တယ်။ တပ်မတော်အနေနဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက် အဖွဲ့အစည်းကို အားပေး ထောက်ခံတဲ့အဖွဲ့တွေကလွဲရင် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ တွေနဲ့ အမြဲမပြတ် တွေ့ဆုံဆွေးနွေးသွားမှာဖြစ်သလို လက်မှတ်ရေးထိုး ထားခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာဖြစ်တယ်။…… ဒို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ဘုရင်တွေဟာ ဒေသအလိုက်
အပိုင်စား၊ နယ်စား၊ မြို့စား၊ ရွာစားတွေကို
အုပ်ချုပ်ပိုင်ခွင့်တွေပေးအပ်ပြီး ဘုရင့်ထံမှာ သစ္စာခံစေခဲ့တဲ့
အုပ်ချုပ်မှုစနစ်ကျင့်သုံးခဲ့တာကို တွေ့ရှိရတယ်။ ညောင်ရမ်းခေတ်
သာလွန်မင်းလက်ထက် (အေဒီ-၁၆၃၇) ကစပြီး အရပ်ရပ်အုပ်ချုပ်ရေး အမိန့်တော်ထမ်း၊
ရာထူးအလျောက် စီရင်ပိုင်ခွင့် အာဏာများ ထုတ်ပြန်တာဝန်ပေးအပ်ခဲ့တယ်။ ဘုရင်က
တနိုင်ငံ လုံးကို လွှမ်းခြုံပြီး စနစ်တကျအုပ်ချုပ်တဲ့စနစ်ကို
ကျင့်သုံးခဲ့တယ်။ ...... ဒီလို သမိုင်းကြောင်း အစဉ်အဆက်မှာ တိုင်းရင်းသားများနဲ့ ပေါင်းစည်းနေထိုင်လာခဲ့တဲ့ ပြည်ထောင်စုဖြစ်တဲ့အပြင် ဒို့ရဲ့အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် “ပြည်ထောင်စု (Union)” ဆိုတဲ့စကားကို ရွေးချယ်ပေးခဲ့တာဖြစ်တဲ့အတွက် မိမိတို့ အနေနဲ့ အလေးထား အကောင်အထည်ဖော်နေတာ ဖြစ်တယ်။”[2]
ဧပြီလ ၁၇ ရက်တွင် အကျဉ်းသား ၁၆၁၉ ဦးကို အစဉ်အလာအတိုင်း လွှတ်ပေးသော်လည်း နိုင်ငံရေး အကျဉ်းသားများကို ချန်လှပ်ခဲ့သည်။ ရက္ခိုင့်တပ်တော် စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တွစ်တာ၌ မေလ ၆ ရက်နေ့တွင် ဗိုလ်ချုပ်ထင်လတ်ဦး (အနောက်ပိုင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး) ကို “တက်ကြိတ်ပစ်လိုက် မှာနော်” ဟု ပြောဆိုရာ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူလူထု ဒုက္ခမရောက်စေရေးအတွက် သည်းခံနေရကြောင်းနှင့် ပြဿနာ တစုံတရာ ဖြစ်လာလျှင် “တပ်မတော်ကို အဆိုးမဆိုရန်” ခြိမ်းခြောက်ပြောဆိုခဲ့သည်။ မေလ ၁၁ တွင် ကျောက်တော်မြို့တွင် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီ တပ်သားနှစ်ဦးကို AA မှ ဖမ်းဆီးခဲ့သည်။ မေလ ၁၆ ရက်နေ့တွင် NUG နှင့် ULA/AA ထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုလည်း ရှိခဲ့သည်။
ထို့နောက်ပိုင်းတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား အပြန်အလှန် လူဖမ်းမှုများ ရှိလာရာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မအီတို့တွင် စစ်ကောင်စီတပ်သားနှင့်ရဲ သုံးဒါဇင်ကျော် ဖမ်းဆီးခဲ့သည်။ အခြား ALP တပ်ဖွဲ့များ၊ ဘုန်းတော်ကြီးများနှင့် နိုင်ငံရေးသမား အချို့လည်း ပါဝင်ခဲ့သည်။ စစ်ကောင်စီဘက်ကလည်း AA နှင့်ဆက်စပ်သည်ဟု ယူဆရသော တက်ကြွလှုပ်ရှားသူများ၊ စီပွားရေး လုပ်ငန်းရှင်များ၊ ပရဟိတသမားများကို ဖမ်းကြသည်။ နိုဝင်ဘာလ ၂၈ သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ၏ ပြောဆိုမှုအရ အပြစ်မဲ့ပြည်သူ ၃၂၄ ဦး ဖမ်းဆီးခံရသည်ဟု ဆိုသည်။
မေလအကုန်တွင် ထုတ်ပြန်သည့် Amnesty International အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် အရပ်သားများကိုပါ “စုပေါင်းအပြစ်ဒဏ်ခတ်ခြင်း” ပြုလုပ်နေသည်ဟုလည်း ဖော်ပြပါရှိသည်။ ဇွန်လတွင် နွေဦးတော်လှန်ရေး အင်အားစုများက နိုင်ငံ၏ ထက်ဝက်ခန့်ကို ထိန်းချုပ်ပြီးကြောင်း ထုတ်ပြန်လာသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်သို့ ရွှေ့ပြောင်းခဲ့သည်။
ဇူလိုင် ၂၂ တွင် ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုအတွက် စစ်ကောင်စီ၏အဆိုကို ပယ်ချ၍ ကြားနာမည်ဟု ICJ မှ ဆုံးဖြတ်သည်။ ဇူလိုင်လ ၂၅ တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီနှင့် NLD အမတ် ဦးဖြိုးဇေယျာသော်တို့နှင့်အတူ အရပ်သားနှစ်ဦးဖြစ်သည့် ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော်တို့ကို ကြိုးပေးခဲ့သည်ဟု သတင်းစာမှ ကြေငြာခဲ့သော်လည်း မည်သည့်နေ့က စီရင်ခဲ့သည်ကို မကြေငြာပေ။ ဇူလိုင် ၂၂ က ဦးဖြိုးဇေယျာသော်နှင့် သူ့မိခင်ကို အွန်လိုင်းမှ မိနစ် ၂၀ ခန့် တွေ့ခွင့်ပေးခဲ့သော်လည်း ကြိုးပေးမည်ကို မသိခဲ့ရပေ။ သတင်းအရ ၂၃ ရက်နေ့တွင် ကြိုးပေးသည်ဟု ယုံကြည်ရသည်။ ထိုဖြစ်ရပ်သည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမအကြိမ် ကြိုးပေးစီရင်မှု ဖြစ်ခဲ့သည်။ ဤလုပ်ရပ်သည် စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ပြသရုံသက်သက်မဟုတ်ဘဲ၊ 'နိုင်ငံရေးဗိုလ်ကျစိုးမိုးခြင်း' ၏ လက်တွေ့ဥပမာ ဖြစ်သည်။ ၎င်းသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းအားလုံးကို ပိတ်ပစ်ပြီး၊ အကြွင်းမဲ့အာဏာကိုသာ လက်ခံမည်ဟူသော စစ်တပ်၏ သဘောထားကို ရှင်းလင်းစွာ ပြသလိုက်ခြင်းပင် ဖြစ်သည်။
ဩဂုတ်လ ၁ ရက်နေ့တွင် ဗိုလ်မင်းအောင်လှိုင်က အရေးပေါ်အခြေအနေ သက်တမ်းကို တိုးခဲ့သည်။ ဩဂုတ်လလယ်တွင် AA ကို တိုက်ခိုက်ရန် ဘင်္ဂလားဒေ့ရှ်၏ ကုန်းမြေနှင့် လေပိုင်နက်အတွင်း မော်တာကျည် ကျရောက်ခြင်း၊ အမြှောက်ကျည် ပစ်ခတ်ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက်သတိပေးခဲ့သည်။ ထိုသို့ ပစ်ခတ်စဉ် ရိုဟင်ဂျာ ဒုက္ခသည်စခန်းရှိ လူတဦး သေဆုံးခဲ့သည်။
စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်းကို ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ရာ ကလေးငယ် ၆ ဦးသေဆုံးခဲ့သည်။ ဤကဲ့သို့သောလုပ်ရပ်များသည် ယခင်ကလည်း လုပ်နေသည့်လုပ်ရပ်များ ဖြစ်ပြီး ပြည်သူကို စုပေါင်းအပြစ်ပေးခြင်း (Collective Punishment) ဖြင့် ကြောက်ရွံ့အောင် (Terrorize) လုပ်ခြင်းပင် ဖြစ်သည်။ မကွေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလတွင် စစ်ကောင်စီ၏ တပ်ဖွဲ့များက အထက်တန်းပြဆရာမ စောမိုးထွန်းအား ခေါင်းဖြတ်ပြီး NUG စာသင်ကျောင်းတွင် ဦးခေါင်းချိတ်ခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၂၃ တွင် KIA ၆၂ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ပစ်မှတ်ထား၍ လေယာဉ်ဖြင့် ဗုံးကြဲရာ အနုပညာရှင်များ အပါအဝင် အရပ်သား ၈၀ သေဆုံးခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့မှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ၇၀ ကျော်၊ ဒီဇင်ဘာတွင် ရသေ့တောင်မြို့နယ်မှ အုပ်ချုပ်ရေးမှူး ၁၉ ဦးမှာ နုတ်ထွက်စာတင်ကြသည်။ ရခိုင်ပြည်တွင်း တကျော့ပြန် တိုက်ပွဲများတွင် ဒရုန်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများကြောင့် ပြည်သူ ၅၁ ဦး သေဆုံးသူနှင့် ၁၄၃ ဦး ထိခိုက်ကြောင်း DMG ၏ စာရင်းများက ဖော်ပြသည်။ နိုဝင်ဘာလ ၁၈ တွင်မူ အမျိုးသားနေ့တွင် စစ်ကောင်စီက ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင် ၁၈ ဦးကို လွှတ်ပေးသည်ကို တွေ့ရသည်။ နိုဝင်ဘာ ၂၆ တွင်မူ စစ်ကောင်စီနှင့် AA နှစ်ဖွဲ့များက လူသားချင်းစာနာထောက်ထားမှုဖြင့် ယာယီအပစ်ရပ် သဘောတူကြသည်။ ရခိုင်တွင် စစ်ပွဲများမှ လူထုအကြပ်အတည်းလည်း များစွာဖြစ်ခဲ့သလို နယ်မြေများကို ထိန်းချုပ်နိုင်မှုများ ရှိခဲ့သည်။
တနှစ်တာအတွင်း တနိုင်ငံလုံး အတိုင်းအတာဖြင့် မြေမြှုပ်မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်များ ပေါက်ကွဲခြင်းကြောင့် သေဆုံးသူ ၃၉၀ စာရင်းကောက်ယူရရှိသည်။
နွေဦးတော်လှန်ရေးတွင် တိုးတက်မှုများ များစွာရှိခဲ့သည်။ ၂၀၂၂ နိုဝင်ဘာလတွင် စစ်တပ်နှင့် ဆက်နွယ်သည့် တာဝန်ရှိသူများအပေါ် အနောက်နိုင်ငံများမှာ ဒဏ်ခတ်ပိတ်ဆို့မှုဆန်ရှင်များ တိုးမြှင့်သည်။ အာဆီယံအနေဖြင့်လည်း သဘောတူညီချက် ၅ ရပ်ကို မလိုက်နာသည့် ဗိုလ်မင်းအောင်လှိုင်၏ စစ်တပ်ကို ဖိအားပေးရန် ဆွေးနွေးသည်။ ဒီဇင်ဘာတွင် Burma Act ပြဋ္ဌာန်း၍ မြန်မာ့အရေးတွင် အမေရိကန်နိုင်ငံက မူဝါဒရေးရာ အပြောင်းအလဲတခု ပြုလုပ်လိုက်သည်ကို စတင်မြင်တွေ့လာရသည်။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် NUG/PDFs များကို အမေရိကန်အစိုးရက နည်းပညာအကူအညီ (Technical Support) နှင့် လူမသေစေနိုင် သော အထောက်အပံ့အကူအညီများ (Non-lethal Assistance) ကူညီပေးအပ်ရန် လွှတ်တော်နှစ်ရပ်စလုံးက ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။[3] သို့သော်လည်း လက်တွေ့အချိန်အထိ ထိရောက်သော အကူအညီကို သမ္မတဘိုင်ဒန်၏ အစိုးရထံမှ ရရှိခြင်း မရှိပေ။
-----------
[1] မေလ ၆ ရက်နေ့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုရှယ်မီဒီယာမှ “တက်ကြိတ်ပစ်လိုက်မှာနော်”ဟု ပြောဆိုခဲ့သည်။ ထိုစကားမှာ တိုက်ပွဲခေါ်သံပုံစံမျိုး ဖြစ်နေကြောင်းနှင့် ပြည်သူလူထု ဒုက္ခမရောက်စေရေးအတွက် သည်းခံနေရပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက “တပ်မတော်ကို အဆိုးမဆိုရန်” စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး ဥက္ကဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။ မေလ ၁၆ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ထိပ်ပိုင်းခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးခဲ့မှုကလည်း စစ်ကောင်စီကို ပိုပြီး မခံမရပ်နိုင်မှု ဖြစ်စေခဲ့ကြောင်း ဆိုနိုင်သည်။
[2] ဤမိန့်ခွန်းမှ စစ်တပ်သည် တပြည်ထောင်စနစ်၊ ဗဟိုချုပ်ကိုင်မှုကို လျှော့မည်မဟုတ်ကြောင်း ကြေငြာသကဲ့သို့ ဖြစ်သည်။
[3] Martin, M. (2023). What the BURMA Act Does and Doesn’t Mean for U.S. Policy in Myanmar. Center for Strategic and International Studies Website. https://www.csis.org/analysis/what-burma-act-does-and-doesnt-mean-us-policy-myanmar
Comments
Post a Comment