သတင်းအတွေး - နိုဝင်ဘာ ၃၀၊ ၂၀၂၅
သျှမ်းပြည်နယ်မြောက်ပိုင်း၏ အချက်အချာကျသော လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ အောင်မြင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအပြီး ရှစ်လအကြာ၌ အုပ်ချုပ်ရေးယန္တရား၏ အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိသည်။ စစ်ကောင်စီ၏ တပ်များက မြို့တွင်း ၁၂ ရပ်ကွက်ကို ပြန်လည်ထိန်းချုပ်ထားသော်လည်း၊ မြို့၏ အသက်သွေးကြောဖြစ်သော ဝင်ပေါက်ထွက်ပေါက်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် အဓိက တက္ကသိုလ်ပညာရေးအဆောက်အအုံများကို MNDAA က ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံရေးဖိအားကြောင့် စစ်တပ်က မြို့လယ်ကို ပြန်ရခဲ့သော်လည်း၊ လက်တွေ့မြေပြင်တွင် စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးအရ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည်။ စစ်တပ်ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါးနှင့် ခိုးဆိုးလုယက်မှုများ တိုးပွားလာပြီး၊ မြို့ခံပြည်သူများသည် အုပ်ချုပ်သူနှစ်ဦးကြားတွင် အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရသည်။
သမိုင်း၏ အလှည့်အပြောင်းနှင့် ကိုလိုနီအမွေအနှစ်
လားရှိုးသည် ဒုတိယကမ္ဘာစစ်ကာလကတည်းက မဟာမိတ်တပ်များ၊ ဂျပန်နှင့် တရုတ်တို့၏ စစ်စခန်းချရာ ဗျူဟာမြောက်မြို့ဖြစ်ခဲ့ပြီး၊ စစ်ပြီးခေတ်တွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် တပ်မတော်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဖွင့်လှစ်ကာ အခိုင်အမာ တပ်စွဲခဲ့သည့်နေရာဖြစ်သည်။ ဤသမိုင်းနောက်ခံကို ကြည့်လျှင် လားရှိုးသည် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဗဟိုချက်ဆိုသည်ထက်၊ ပြင်ပအင်အားကြီးများ (ကိုလိုနီအစိုးရ၊ ဗဟိုအစိုးရ၊ စစ်တပ်) က နယ်မြေစိုးမိုးရေးအတွက် အသုံးပြုသော "စစ်ရေးခံတပ်မြို့" (Garrison Town) အသွင်ဆောင်နေသည်ကို တွေ့ရသည်။ ကိုလိုနီခေတ်လွန် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေး (State-building) လုပ်ငန်းစဉ်တွင် ဗဟိုအစိုးရသည် နယ်ခြားဒေသများကို "အတွင်းပိုင်းကိုလိုနီပြုခြင်း" (Internal Colonialism) သဘောတရားဖြင့် ချဉ်းကပ်ခဲ့သည်။ ဆိုလိုသည်မှာ ဗဟိုမှ လုံခြုံရေးယန္တရားကို အသုံးပြု၍ ဒေသခံများကို ထိန်းချုပ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။ ယခု ၁၀၂၇ စစ်ဆင်ရေးတွင် ရမခ ကျဆုံးခြင်းသည် ထိုဗဟိုချုပ်ကိုင်မှုစနစ်၏ အက်ကွဲကြောင်းကို အထင်ရှားဆုံး ပြသလိုက်ခြင်းပင် ဖြစ်သည်။
အာဏာ၏ မျက်နှာစာသစ်နှင့် အချုပ်အခြာကွဲအက်မှု
လက်ရှိ လားရှိုး၏ အခြေအနေသည် "အစိုးရ" တရပ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မေးခွန်းထုတ်စရာ ဖြစ်လာသည်။ စစ်ကောင်စီသည် မြို့တွင်း ရပ်ကွက် ၁၂ ခု၌ အလံလွှင့်ထူထားနိုင်သော်လည်း၊ နိုင်ငံတော်၏ အခြေခံတာဝန်များဖြစ်သော လျှပ်စစ်မီးပေးဝေရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုတို့ကို မပေးစွမ်းနိုင်တော့ပေ။ "ကိုးကန့်တုန်းက ငြိမ်တယ်၊ အခု ခိုးဆိုးလုယက်မှု များလာတယ်" ဟူသော ဒေသခံတို့၏ စကားသံသည် စစ်တပ်၏ "အုပ်ချုပ်ရေးစွမ်းရည် ကျရှုံးမှု" (Governance Failure) ကို သက်သေပြနေသည်။ တဖက်တွင် MNDAA သည် မြို့ကို တိုက်ရိုက်မသိမ်းပိုက်သော်လည်း မြို့ကို ဝိုင်းပတ်ပိတ်ဆို့ထားသည့် ဗျူဟာ (Encirclement Strategy) ကို ကျင့်သုံးနေသည်။ တရုတ်ကုန်စည်များကို မြို့တွင်းသို့ ဝင်ခွင့်မပြုဘဲ မြို့ပြင်တွင် ဈေးကွက်သစ်ဖန်တီးခြင်း၊ တက္ကသိုလ်များနှင့် လျှပ်စစ်မီးကို ထိန်းချုပ်ထားခြင်းတို့သည် သူတို့၏ "စင်ပြိုင်နိုင်ငံတော်" (Parallel State) တည်ဆောက်မှု အားကောင်းလာကြောင်း ပြသနေသည်။ ဤသည်မှာ အချုပ်အခြာအာဏာမှာ ဗဟိုအစိုးရလက်ထဲတွင် တစုတစည်းတည်းမရှိတော့ဘဲ အပိုင်းပိုင်း ကွဲထွက်နေသည့် (Fragmented Sovereignty) အခြေအနေသို့ ရောက်နေခြင်းဖြစ်သည်။
ပထဝီနိုင်ငံရေး၏ သားကောင်နှင့် ပြည်သူ့ဘဝ
လားရှိုးဖြစ်စဉ်တွင် လျစ်လျူရှု၍မရသော အင်အားစုတခုမှာ တရုတ်နိုင်ငံဖြစ်သည်။ တရုတ်၏ ဖိအားကြောင့် MNDAA က မြို့ကို စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရခြင်းသည် မြန်မာ့နိုင်ငံရေးတွင် ပြည်ပသြဇာ (External Influence) မည်မျှကြီးမားကြောင်း မီးမောင်းထိုးပြနေသည်။ တရုတ်သည် ၎င်း၏ "ရပ်ဝန်းနှင့် ပိုးလမ်းမ" စီမံကိန်းနှင့် နယ်စပ်တည်ငြိမ်ရေးအတွက် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား အာဏာချိန်ခွင်လျှာ ညှိနေသော "ကိုလိုနီသစ် အရှင်သခင်" (Neo-colonial Patron) သဖွယ် ပြုမူနေသည်။ ဤသို့သော အာဏာအားပြိုင်မှုများကြားတွင် လားရှိုးမြို့ခံများသည် အုပ်ချုပ်သူနှစ်ဦး၏ ကြားညှပ်သားကောင်များ ဖြစ်နေရသည်။ ကျန်းမာရေးစောင့်ရှောက်မှု ယိုယွင်းခြင်း၊ ပညာရေး ပြတ်တောက်ခြင်းနှင့် စီးပွားရေး ကျဆင်းခြင်းတို့သည် ပြည်သူများအပေါ် ကျရောက်နေသော "ဖွဲ့စည်းပုံဆိုင်ရာ အကြမ်းဖက်မှု" (Structural Violence) ပင်ဖြစ်သည်။ ဆေးရုံတွင် ဆရာဝန်မရှိဘဲ အပြင်ဆေးခန်းတွင် ရှိနေခြင်း၊ ပုဂ္ဂလိကဘဏ်များ မဖွင့်နိုင်ခြင်းတို့သည် နိုင်ငံတော်အင်စတီကျူးရှင်းများ (State Institutions) အပေါ် လူထုယုံကြည်မှု လုံးဝပျက်ပြားသွားခြင်းကို ထင်ဟပ်နေသည်။
လားရှိုးသည် ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းကို ပုံချဲ့ပြနေသော မှန်ဘီလူးတခုသဖွယ် ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ်၏ ကျဆုံးခန်း၊ တိုင်းရင်းသားလက်နက်ကိုင်တို့၏ နယ်မြေအခြေပြု အာဏာတည်ဆောက်မှုနှင့် ပထဝီနိုင်ငံရေး ဖိအားများကြားတွင် မြို့ပြတခုလုံး အသက်ငင်နေရခြင်း ဖြစ်သည်။ ဤအခြေအနေသည် စစ်မှန်သော ငြိမ်းချမ်းရေးမဟုတ်ဘဲ၊ အချိန်မရွေး ပြန်လည်ပေါက်ကွဲနိုင်သော မီးတောင်ဝမှ ယာယီတိတ်ဆိတ်မှု (Negative Peace) မျှသာ ဖြစ်ပေသည်။
Comments
Post a Comment