၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီမှ အာဏာ ရရှိခဲ့ပြီးသည့်နောက်တွင်လည်း လွှတ်တော်၏ နေရာများအနက် ၂၅ ရာခိုင်နှုန်းကိုတပ်မတော်က (၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ) နေရာယူထားခဲ့သည်။ စစ်တပ်နှင့် NLD အစိုးရ၏ ဆက်ဆံရေးမှာ တတ်နိုင်သလောက် ပူးပေါင်းရန် ကြိုးစားကြည့်သည့်တိုင် အဆင်မသင့်ပေ။ အချို့ကိစ္စများတွင် ပူးပေါင်းလုပ်ဆောင်ခြင်းရှိပြီး (အထူးသဖြင့်) ဌာနေတိုင်းရင်းသား အင်အားစုများအနေဖြင့် နှစ်ဘက်လုံးနှင့် အဆင်မသင့်မှုများ ရှိသည့်တိုင် တပ်နှင့် အစိုးရလည်း အဆင်မသင့်ပေ။ ပြဿနာ တခုက ၂၀၀၈ အခြေခံဥပဒေက စစ်တပ်ကို နိုင်ငံတော်အာဏာ၏ အဓိကမဏ္ဍိုင်တခုအဖြစ် ဆက်လက်နေရာပေးထားသည့် ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းကြောင့်ဖြစ်သည်။ NLD အစိုးရသည် ရွေးကောက်ပွဲမှရရှိသော လူထုထောက်ခံမှုဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ရှေ့ဆက်လိုသော်လည်း၊ စစ်တပ်ကမူ 'အမျိုးသားနိုင်ငံရေး' အခန်းကဏ္ဍကို ထိပါးလာမည်ကို အစဉ်သဖြင့် စိုးရိမ်နေခဲ့သည်။ ထို့အပြင်၊ နှစ်ဖက်စလုံးတွင် အလျှော့ပေးညှိနှိုင်းလိုမှုထက် 'အနိုင်-အရှုံး' (Zero-sum) ဖြင့်သာ နိုင်ငံရေးကို ရှုမြင်သည့် နိုင်ငံရေးယဉ်ကျေးမှုကလည်း ပူးပေါင်းဆောင်ရွက်မှုကို အဟန့်အတားဖြစ်စေခဲ့သည်။ အထူးသဖြင့် နောက်ပိုင်းနှစ်များတွင် တရုတ်နှင့် NLD ပါတီအစိုးရတို့ ဆက်ဆံရေးတိုးတက်ကောင်းမွန်လာရာ တရုတ်ထောက်ခံသည့် အရပ်သားအစိုးရသည် စစ်တပ်အတွက် အိပ်မက်ဆိုး ဖြစ်လာခဲ့သည်။
၂၀၂၀ ခုနှစ်၏ရွေးကောက်ပွဲတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်နေရာ ၄၇၆ နေရာအနက် ၃၉၆ နေရာကိုအနိုင်ရရှိခဲ့ရာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်ထက်ပင် ပို၍များပြားသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကမူ နေရာ ၃၃ နေရာသာ အနိုင်ရရှိခဲ့သည်။ တပ်မတော်သည် မဲပေးခွင့်ရှိသူ ဦးရေထက် မဲစာရင်းထုတ်ပြန်ရာတွင် ၁၀ သန်းကျော် ပိုမိုများပြားနေသည်ဟု လည်းကောင်း၊ ကြိုတင်ဆန္ဒမဲ ပေးချိန်များတွင်လဲ ဥပဒေနှင့် မညီညွှတ်သော မဲပေးခြင်းများ ရှိသည်ဟု လည်းကောင်၊ ရွေးကောက်ပွဲကော်မရှင်သို့ အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း အရေးတယူတုန့်ပြန်မှု မရှိကြောင်း စသည့် အကြောင်းပြချက် အမျိုးမျိုးပြကာ ရွေးကောက်ပွဲရလဒ်များကို မမှန်ကန်ဟု စွပ်စွဲခဲ့သည်။ တကယ်တမ်း လုံလောက်သည့် သက်သေ ပြနိုင်ခြင်းတော့ မရှိပေ။ တပ်မတော် ထောက်ခံသူများကလည်း ရွေးကောက်ပွဲ ရလဒ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများကို ဗီဒီယိုမှ တိုက်ရိုက်အမှာစကား ပြောကြားစဉ် ၂၀၀၈ ဖွဲ့စည်းပုံကို မလိုက်နာကြလျှင် ဖျက်ပစ်ရမည်ဟု ဗိုလ်မင်းအောင်လှိုင်မှ ပြောကြားခဲ့သည်။ ကောက်နုတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
"…. ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်… ဒီဥပဒေကို မလိုက်နာဘူးဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေး ကောင်စီခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကိုဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာတဲ့ အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်လိုက်တာပဲ။… အခု ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက တရားဝင်ရှိနေတဲ့ဥပဒေ တည်ဆဲဥပဒေ။ ဒါဟာ နိုင်ငံရေးမှာ အင်မတန်အရေးကြီးတဲ့ အခြေခံအကြောင်းတခု အနေနဲ့ မင်းတို့ကို ပြောလိုတယ်။”
စစ်တပ်၏ ဆင်ခြေများမှ တခုမှာ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံအဖြစ် ရာထူးယူမှုမှာ ဖွဲ့စည်းပုံနှင့် မကိုက်ညီဟူ၍ ဖြစ်သည်။[1] အတိုင်ပင်ခံရာထူးမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး မယူနိုင်စေရန် ၂၀၀၈ ဖွဲ့စည်းပုံက တားမြစ်ချက်များ ရှိခဲ့၍ ၂၀၁၅ ရွေးကောက်ပွဲအပြီး ရှေ့နေဦးကိုနီက လုပ်ဖော်ကိုင်ဖက်များနှင့် ဝိုင်းဝန်းငြင်းခုံစဉ်းစား၍ အကြံပြုဖော်ထုတ်ခဲ့သည့် ရာထူးဖြစ်သည်။ ဦးကိုနီတို့ ကနဦးစဉ်းစားစဉ်က သမ္မတကိုတော့ ကျော်လို့မရဘူးဟု ပြောဆိုခဲ့ဖူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ သမ္မတလည်း ကျွန်မအောက်မှာပဲ ရှိရမှာဟု ပြောဆိုခဲ့သည်။[2] ထိုအချက်များကို စစ်တပ်က မျက်စိဆံပင်မွှေး စူးနေခဲ့သည်။ ဦးကိုနီမှာလည်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက် ညနေတွင် ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရသည်။[3] စစ်အာဏာသိမ်းသည့်အခါ အတွင်းပိုင်းတွင် ထိုအချက်ကို ဖွဲ့စည်းပုံအောက် တရားမဝင်ဟု စစ်တပ်က ဆွေးနွေးခဲ့သည်။
၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ NLD ပါတီခေါင်းဆောင်များကို ဖမ်းခေါ်ကာ ရွေးကောက်ခံ ကိုယ်စားလှယ် အယောက် ၄၀၀ ခန့်ကို နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် အကျယ်ချုပ် ချထားခဲ့သည်။ နံနက်ခင်း မြဝတီရုပ်မြင်သံကြားမှ စစ်တပ်မှ အုပ်ချုပ်ပြီဖြစ်ကြောင်း ကြေငြာသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရည်ညွှန်း၍ နိုင်ငံကို အရေးပေါ် ကြေငြာသည်၊ အာဏာထိန်းသည် ဟု အကြောင်းပြချက် ပေးသော်လည်း ဖွဲ့စည်းပုံအရ ယင်းကဲ့သို့ အာဏာမရှိပေ။[4]
စစ်တပ်ကမူ သမ္မတကို တရားမဝင်ဖမ်းဆီးပြီး ဒုသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတဟူ၍ တရားဝင်အာဏာ လွှဲပြောင်းခြင်းမရှိပဲ သတ်မှတ်လိုက်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၇ နှင့် ၄၁၈ ကို အကြောင်းပြကာ ဗိုလ်မင်းအောင်လှိုင်ကို အာဏာလွှဲပြောင်းသည်ဟု ဆိုလေသည်။ ပြည်ထောင်စုဝန်ကြီးအသစ် ၁၁ ဦး ကို ခန့်အပ်၍ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို စစ်ဗိုလ်ချုပ် ၈ ဦး အပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းပြီး နောက်နေ့တွင် အရပ်သား ၅ ဦး ထပ်တိုးခဲ့သည်။ ပထမတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် တိုင်းပြည်ကို တနှစ်မျှ အုပ်ချုပ်မည်ဖြစ်ကြောင်းနှင့် စစ်ဆေးဆောင်ရွက်ရန် ရှိသည်များဆောင်ရွက်ပြီး သည့်နောက် နိုင်ငံတော်သမ္မတ အား ပုဒ်မ ၄၂၂ အရ အာဏာ ပြန်လည်လွှဲအပ်ပြီးနောက် (၆) လအတွင်း ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
- ၂၀၂၁ ခုနှစ် ကနဦး တုန့်ပြန်မှုများ
- ၂၀၂၂ ခုနှစ် ဖြစ်စဉ်များ
- ၂၀၂၃ ခုနှစ် ဖြစ်စဉ်များ
- ၂၀၂၄ ခုနှစ် ဖြစ်စဉ်များ
- ၂၀၂၅ ခုနှစ် တတိယသုံးလပတ်အထိ ဖြစ်စဉ်များ
စည်သူအောင်မြင့်. (2016, April 3). နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း ပြသနာ၊ နောက်ဆက်တွဲ ဘာဖြစ်လာနိုင်သလဲ. ဗွီအိုအေ; ဗွီအိုအေသတင်းဌာန. https://burmese.voanews.com/a/state-counsellor-dassk/3267463.html
စည်သူအောင်မြင့်. (2016, April 3). နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း ပြသနာ၊ နောက်ဆက်တွဲ ဘာဖြစ်လာနိုင်သလဲ. ဗွီအိုအေ; ဗွီအိုအေသတင်းဌာန. https://burmese.voanews.com/a/state-counsellor-dassk/3267463.html
[3] https://www.facebook.com/bbcnews. (2017, January 29). ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရ. BBC News မြန်မာ. https://www.bbc.com/burmese/burma-38789348
https://www.facebook.com/bbcnews. (2017, January 29). ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရ - BBC News မြန်မာ. BBC News မြန်မာ. https://www.bbc.com/burmese/burma-38789348
https://www.facebook.com/bbcnews. (2017, January 29). ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရ - BBC News မြန်မာ. BBC News မြန်မာ. https://www.bbc.com/burmese/burma-38789348
Noel , T. (n.d.). Unconstitutionality of The 2021 Military Coup in Myanmar: Constitution Brief Interregnum Series [Review of Unconstitutionality of The 2021 Military Coup in Myanmar: Constitution Brief Interregnum Series]. The International Institute for Democracy and Electoral Assistance (International IDEA). Retrieved 2022, from https://www.idea.int/sites/default/files/publications/unconstitutionality-of-the-2021-military-coup-in-myanmar.pdf
Comments
Post a Comment