Skip to main content

နိုင်ငံရေးအချုပ်အခြာအာဏာဆိုင်ရာ စုဖွဲ့မှုများ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးနောက်တွင် လွှတ်တော် ကိုယ်စားလှယ် (၂၉၈) ဦးသည် ဖေဖော်ဝါရီလ ၅ ရက်နေ့၌ တတိယအကြိမ် လွှတ်တော်၏ ပထမဆုံး အရေးပေါ် လွှတ်တော် အစည်းအဝေးတရပ်ကို အွန်လိုင်းဗီဒီယိုဖြင့် စုဝေး၍ ကျင်းပခဲ့သည်။ ပြည်ထောင်စုလွှတ်တော်၏ ဥပဒေပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ရာမှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (The Committee Representing Pyidaungsu Hluttaw-CRPH) ဖြစ်လာသည်။ 

ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ပြည်ထောင်စု အစိုးရကို ဖျက်သိမ်းရန် တပ်မတော်က အားထုတ်ကြိုးပမ်းမှုသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ အခန်း ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းပြီး ရာဇဝတ်မှု မြောက်သောလုပ်ရပ်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်နေ့တွင် CRPH က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂသံတမန်များနှင့် နိုင်ငံတကာအနေဖြင့် တရားဝင် အစိုးရဆိုင်ရာ ကိစ္စရပ်များ အတွက် တရားမဝင် စစ်တပ်နှင့် မဆက်သွယ်ပဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖြင့်သာ ဆက်သွယ်၍ ဆောင်ရွက် ရန်လည်း အကြံပြုခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် တိုင်းရင်းသားပါတီများမှ အဖွဲ့ဝင် ၂ ဦးအား ထပ်တိုး၍ စုစုပေါင်း ၁၇ ဦး ဖြစ်လာသည်။ အဖွဲ့ဝင် ၃ ဦး ထပ်မံတိုးချဲ့ရန် ဧပြီလ ၂၆ ရက်နေ့တွင် ဆုံးဖြတ်သည်။ NLD ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်အား ကော်မတီဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီး အတွင်းရေးမှူး အဖွဲ့ ၃ ဦး နှင့် အဖွဲ့ဝင် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။ 

၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် CRPH မှ နိုင်ငံရေးမျှော်မှန်းချက် ၄ ရပ်ကို ထုတ်ပြန် ကြေညာခဲ့သည်။
  • စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး
  • သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီး ထိန်းသိမ်းထားသူအားလုံး လွတ်မြောက်ရေး
  • ဒီမိုကရေစီအပြည့်အဝ ရရှိစေရေး
  • ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်း၍ ဖက်ဒရယ်စနစ်ကို အခြေခံသော ဖွဲ့စည်းပုံ အသစ်တရပ် ရေးဆွဲရေး

ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဒုတိယအကြိမ်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်တွင် လည်းကောင်း၊ တတိယအကြိမ်အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ တွင် လည်းကောင်း၊ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့တွင် လည်းကောင်း၊ ပဉ္စမအကြိမ် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ လည်းကောင်း ကျင်းပ ခဲ့သည်။

မတ်လ ၁ ရက်နေ့တွင် CRPH သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ (SAC) အား အကြမ်းဖက် အုပ်စုအဖြစ် ကြေငြာခဲ့သည်။ မတ်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီက CRPH ကို မတရားအသင်း အဖြစ်ကြေညာခဲ့သည်။ မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ CRPH ကော်မတီနှင့် ယင်းကော်မတီက ဖွဲ့စည်းထားသော အဖွဲ့ အစည်းများကို မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ ၂ ပါ အဓိပ္ပာယ် ဖော်ပြချက်များနှင့်အညီ မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်းကို စစ်ကောင်စီက ခန့်အပ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် မတ်လ ၃၁ ရက်နေ့တွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။ မတ်လ ၃၁ ရက်၌ ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက်အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရတရပ်ကို အတည်ပြု ဖွဲ့စည်းခဲ့သည်။ အာဇာနည်ကိုးဦး စာရင်းဝင် မန်းဘခိုင်၏ မြေးဖြစ်သူ မန်းဝင်းခိုင်သန်းက ဖက်ဒရယ် ပြည်ထောင်စုဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ပြည်သူ့အသံ ရုပ်သံလိုင်း (PVTV) ၏ Facebook စာမျက်နှာကို တရားဝင် သတင်းချန်နယ်အဖြစ် သတ်မှတ်၍ ကြေငြာခဲ့သည်။

အကြမ်းမဖက်အာဏာဖီဆန်မှု Civil Disobedience Movement (CDM) နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြကြသော ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို အသိအမှတ်ပြု အားပေးခဲ့သလို ပြည်သူများကလည်း CRPH ကို တရားဝင်မှုရှိသည့် စုဖွဲ့မှုအဖြစ် အသိအမှတ်ပြုခဲ့သည်။ CRPH တွင် ဥပဒေရေးရာကော်မတီ၊ လွှတ်တော် ကိုယ်စားလှယ် စိစစ်ရေးကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ ဖက်ဒရယ်ရေးရာ ကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီ၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးဆိုင်ရာ ကော်မတီ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရေးရာကော်မတီ၊ ပညာရေးကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ကော်မတီတို့ဖြင့် ဖွဲ့စည်းထားသည်။

CRPH သည် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ကနဦး ဖွဲ့စည်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ရေးသားခဲ့သည်။ NUCC ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။ တဘက်ကလည်း ဥပဒေပြုရေးများအတွက် CRPH တွင်သာ အလုံးစုံ အာဏာရှိပြီး ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံသည်ဟု ဆိုရာ အချုပ်အခြာပိုင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံ၏ အာဏာတည်ဆောက်ပေးထားမှုတွင် ဗဟိုချုပ်ကိုင်ထားဆဲဖြစ်သည်ဟု ဆွေးနွေးဝေဖန်သူများလည်း ရှိသည်။ ထို့အပြင် အမတ်တဦးစီအနေဖြင့် ခါးပိုက်ဆောင်တပ်များ ဖွဲ့ခြင်း၊ ထောက်ပို့လုပ်ခြင်းဖြင့် ပါဝင်ကြသည့်တိုင် ြည်ထောင်စုလွှတ်တော်အနေဖြင့် ဖြစ်စေ၊ ကိုယ်စားပြုကော်မတီ အနေဖြင့်ပင်ဖြစ်စေ အဖွဲ့အစည်းပုံဖြင့် တကယ်အလုပ်လုပ်နိုင်သည်က ရှားပါးသည်ဟု ပြောဆိုကြ၊ ဝေဖန်ကြသည်လည်း ရှိသည်။ တဖက်ကလည်း ပြည်ထောင်စုလွှတ်တော် သက်တမ်းပြည့်သွားပါက မည်သို့ ပြုလုပ်မည်ကို အငြင်းပွားစရာလည်း ရှိနေကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ပေါ်လာသော်လည်း ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီး ဖြစ်၍ စဉ်းစားစရာ မလိုကြောင်း ဆွေးနွေးမှုများလည်း ရှိသည်။


အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကို ၂၀၂၁ မတ်လ ၁၈ ရက်နေ့တွင်[4] စတင်ဖွဲ့စည်းခဲ့သည်။ စစ်ကောင်စီ၏ အာဏာသိမ်းမှုအား တရားဝင်မှုရှိပြီး စုဖွဲ့မှုကောင်းသည့် လှုပ်ရှားမှုဖြင့် တုန့်ပြန်ရန် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် သပိတ်အင်အားစုများကိုပါ ဖိတ်ခေါ်ခဲ့သည်။ ကနဦး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတွင် KNU, CNF, KNPP, ABSDF တို့ ပါဝင်သည်။ PPST ရှိ အခြားအဖွဲ့များနှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့များမှာ မူလက ပါဝင်ခြင်း မရှိသေးပေ။ သို့သော် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများမှ စုဖွဲ့လာသော KPICT နှင့် MSICC ကဲ့သို့သော အဖွဲ့များလည်း ပါဝင်ခဲ့သည်။ ထိုအဖွဲ့များအကြောင်း နောက်တွင် ဆက်လက်ဖော်ပြထားပါသည်။

ကနဦး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံ‌ကောင်စီတွင် ပါဝင်မှုကို
  • CRPH အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ
  • နိုင်ငံရေးပါတီများ
  • သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူထုအဖွဲ့အစည်းများ၊ အာဏာရှင်စနစ်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာ အဖွဲ့ အစည်းများ
  • တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ (Ethnic Resistance Organizations)
  • ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုနှင့် လူမျိုးအခြေပြု အဖွဲ့အစည်း/ ကောင်စီများ

နောက်ပိုင်းတွင် ပဋိညာဉ် မူ အမှတ် (၂) ၌ အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်ခဲ့သည်။
  • CRPH အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ
  • နိုင်ငံရေးပါတီများ
  • ဖက်ဒရယ်ယူနစ်အလိုက်၊ လူမျိုးအလိုက် အတိုင်ပင်ခံကောင်စီများ
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ
  • သပိတ်ကော်မတီများ၊ CDM လှုပ်ရှားမှုတွင် ပါဝင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများ (အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းများ) ပါဝင်သည်။

NUCC တွင် မတ်လ ၃၁ ရက်က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုခဲ့သည်။ မေလ ၂၄ ရက်နေ့မှစ၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ပြန်လည်သုံးသပ်လာသည်။ ၂၀၂၂ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ပြည်သူ့ညီလာခံ ကျင်းပ၍ သုံးသပ်ထားသော ပဋိညာဉ်ကို အတည်ပြုခဲ့သည်ဟု သိရသည်။

ကနဦး NUCC တွင် အဖွဲ့အစည်းပေါင်း ၃၃ဖွဲ့မှ လူပုဂ္ဂိုလ်များပါဝင်သည်ဟု ဖော်ပြသည်။

နွေဦးတော်လှန်ရေး ၃ နှစ် ပြည့်လူထုအစည်းအဝေး (Townhall Meeting သဘော) တွင်တော့ ၃ နှစ် ကာလအတွင်း NUCC ၏ လုပ်ဆောင်ချက်များနှင့် စိန်ခေါ်မှုများအား ဆွေးနွေးချပြသည်။ ပြည်သူ့ရဲတပ်ဖွဲ့ ဥပေဒေ၊ နိုင်ငံခြားရေးမူဘောင်၊ အသွင်ကူးပြောင်းရေးကာလ အစီအမံနှင့်ဆိုင်သော အကြံပြုချက်စာတမ်း၊ စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်နှင့် နွေဦးတော်လှန်ရေး၏ နိုင်ငံရေးလုပ်ငန်းစဉ်၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် အကူအညီပေးရေးဆိုင်ရာ မူဝါဒစသော အတည်ပြုခဲ့သည့် ဥပဒေကြမ်း၊ မူဝါဒနှင့် စာတမ်း ၁၇ ခု၏ အမည်များ၊ သုံးနှစ်တာ ကာလအတွင်း နိုင်ငံရေး၊ စစ်ရေးနှင့် နိုင်ငံတကာရေးရာအလိုက် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက် ၃၀ ကျော်၊ နိုင်ငံတကာရေးရာတွင် ဆက်ဆံလျက်ရှိသော နိုင်ငံ ၂၄ နိုင်ငံနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းပေါင်း ၂၃ ဖွဲ့ ရှိကြောင်း စသည်တို့အား အစီရင်ခံခဲ့ပါသည်။ 

အမျိုးသမီး အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရမည်ဟု ပဋိညာဉ်တွင် ပြဋ္ဌာန်းထားသော်လည်း အကောင်အထည် ဖော်နိုင်မှု မရှိသေးခြင်း၊ လူငယ်များ၏ ကိုယ်စားပြုပါဝင်မှု မထည့်သွင်းနိုင်သေးခြင်း၊ ပြည်သူ့ညီလာခံကို ၆ လတကြိမ် ကျင်းပရန် လျာထားသော်လည်း လက်တွေ့တွင် မကျင်းပနိုင်သေးခြင်းနှင့် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ အစီအမံနှင့် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်မှု မရှိသေးခြင်းတို့က NUCC ၏ အားနည်းချက်များ ဖြစ်သည်။ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူ အင်အားစုများအားလုံး လက်တွေ့ပူးပေါင်း ပါဝင်လာရေးအတွက် စည်းရုံးစုစည်းရန်နှင့် ပေါင်းစပ်ညှိနှိုင်းရန် ချမှတ်ထားသော်လည်း မဖြစ်လာသေးပေ။ ဘုံသဘောတူညီချက် (Consensus) ဖြင့် ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် နှောင့်နှေးမှုများရှိသည်ကိုလည်း စိန်ခေါ်မှုဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

NUCC ၏ အဓိကစိန်ခေါ်မှုမှာ မိမိဖွဲ့စည်းပုံကိုယ်တိုင်တွင် တည်ရှိနေသည်။ 'ဘုံသဘောတူညီချက် (Consensus) ဖြင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း' ဟူသော မူဘောင်သည် အဖွဲ့ဝင်အားလုံး၏ ပါဝင်မှုကို အာမခံနိုင်သော်လည်း၊ လက်တွေ့တွင် အဖွဲ့ဝင်တဦး၊ အုပ်စုငယ်တခု၏ ကန့်ကွက်မှုက အရေးကြီးသော ဆုံးဖြတ်ချက်များကို နှောင့်နှေးစေနိုင်သည်။ သို့မဟုတ် ဘာဆွေးနွေးမလဲဟူသည့် အာဂျန်ဒါတင်ရာတွင်ပင် တစ်ဆို့နိုင်သည်။ ဤအဖွဲ့အစည်းဒီဇိုင်းမျိုးသည် တော်လှန်ရေးကာလ၏ လျင်မြန်သော ဆုံးဖြတ်ချက်ချမှတ်မှု လိုအပ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေတတ်သည်။

ရွေးကောက်ခံလွှတ်တော်အမတ်များအပါအဝင် အသွင်သဏ္ဍာန်မျိုးစုံဖြင့် ပြည်သူလူထုထောက်ခံ မှုကို ရရှိနေကြသော အင်အားစုများစုပေါင်းဖွဲ့စည်းထားသည့် NUCC သည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်အရ ၆ လ တကြိမ် ပြုလုပ်ရန် သတ်မှတ်ထားသည့် ပြည်သူ့ညီလာခံကို တာဝန်ခံရမည်ဖြစ်သည်။ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလနောက်ဆုံးအပတ်တွင် ပြုလုပ်နိုင်ခဲ့သော်လည်း ဒုတိယအကြိမ် ပြည်သူ့ညီလာခံကိုမူ ၂၀၂၄ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ကျင်းပခဲ့ပြီး အက်ကွဲကြောင်းများကို ပြည်သူများ တွေ့မြင်ခဲ့ကြရသည်။ NUCC တွင် ပါဝင်မှုများမှာ ပန်းတိုင်အားဖြင့် စစ်ကောင်စီကို ဆန့်ကျင်ရာတွင် တူညီကြသော်လည်း အချိန်ကာလ အမျိုးမျိုးအတွက် ရည်မှန်းချက် အမျိုးမျိုး ကွဲပြားကြသလို ဦးစားပေး စံတန်ဖိုးများတွင်လည်း ပွတ်တိုက်မှုများရှိနေသည်။ ထို့အပြင် ကိုယ်စားပြုမှုပုံစံ (Representation models) နှင့် တကယ့် လူထုအပေါ် ဩဇာလွှမ်းမှုပမာဏမှာ အလွန်ကြီးသောကွာခြားမှုများ ရှိနေကြသည်။

CRPH နှင့် NUCC အကြား ဆက်ဆံရေးသည် အမြဲတမ်း ချောမွေ့မှုမရှိပါချေ။ 'ရွေးကောက်ပွဲဆိုင်ရာ တရားဝင်မှု (Electoral Legitimacy)' နှင့် 'တော်လှန်ရေးဆိုင်ရာ ပါဝင်မှု (Revolutionary Legitimacy)' အကြားက အားပြိုင်မှုရှိသည်။ NUCC ကိုယ်တိုင်သည်ပင် Negotiation Power မည်မျှရှိသူများ ပါဝင်သင့်သည်၊ အခန်းကဏ္ဍမှာ တော်လှန်ရေးအတွင်း လိုအပ်ချက်လား၊ တော်လှန်ရေးအလွန်အတွက် ကြိုတင်စကားပြော နေသည့် နိုင်ငံရေး ဒိုင်ယာလော့ခ်သဘောလား ဆိုသည်ကိုလည်း အလွတ်သဘော ငြင်းခုံပြောကြရသေးသည်။ ဤတရားဝင်မှု အရင်းအမြစ်နှစ်ခုအကြား ချိန်ခွင်လျှာညှိရန် ကြိုးပမ်းရခြင်းသည် နွေဦးတော်လှန်ရေး၏ အဓိကကျသော အဖွဲ့အစည်းဆိုင်ရာ စိန်ခေါ်မှုတခု ဖြစ်ပါသည်။


ပြည်သူ့ညီလာခံ

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အရ ပြည်သူ့ညီလာခံသည် အမြင့်ဆုံး အချုပ်အခြာအာဏာ ရှိသည်ဟု ဆိုသည်။ ပဋိညာဉ်အရ ခြောက်လတကြိမ် ပြည်သူ့ညီလာခံ ကျင်းပရမည်ဟု ဆိုသော်လည်း လက်ရှိထိ နှစ်ကြိမ်သာ ကျင်းပနိုင်သေးသည်။ ပထမအကြိမ်တွင် စာတမ်းများဆွေးနွေး၍ ဆုံးဖြတ်ချက်ကို ချမှတ် နိုင်ခဲ့သော်လည်း ဒုတိယအကြိမ် ညီလာခံတွင် အစီအစဉ်ထက် တရပ်ပိုသွားခဲ့သလို နောက်ဆုံးအပိုခေါ်သည့် ရက်တွင် CRPH နှင့် NUG မှ တက်ရောက်ခြင်း မရှိသည့်အတွက် အထမြောက်မှု၊ မမြောက်မှုကို အငြင်းပွားခဲ့ကြသည်။ NUCC မှ အများစုကမူ အထမြောက်သည်ဟု ဆွေးနွေးခဲ့ကြသော်လည်း CRPH နှင့် NUG ကမူ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း ၂ ပါ ပြဋ္ဌာန်းချက်တွေထက် ကျော်လွန်ပြီး ဆွေးနွေးဆုံးဖြတ်အတည်ပြုဖို့ လုပ်ဆောင်မှုများ ရှိသလို ကြိုတင်ဖြန့်ဝေထားတဲ့ အစီအစဉ်များထက် ကျော်လွန်ပြီး လုပ်ဆောင်လာမှုများ ရှိပြီး ညီလာခံကိုယ်စားလှယ် အချို့ကလည်း စည်းကမ်းချက်များ လိုက်နာခြင်း မရှိသည့်အတွက် ညီလာခံ ဆက်မတက်ဟု CRPH က အကြောင်းကြားသည်။ 

ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီးတွင် အချက် ၂၁ ချက်ကို ထုတ်ပြန်ချက်ရှိခဲ့ရာ NUG အနေဖြင့် နိုင်ငံရေးမူဝါဒများကို ဆုံးဖြတ်ထုတ်ပြန်ရာတွင်မူ NUCC နှင့် တိုင်ပင်ရန် လိုအပ်ကြောင်း ပါဝင်သည်။ အဓိကအားဖြင့် တရုတ်နိုင်ငံဆိုင်ရာ သဘောထား၊ ဘုံနိုင်ငံရေး ရပ်တည်ချက် ပူးတွဲထုတ်ပြန်မှု၊ ပြည်ထောင်စု အစိုးရနှင့် ဖက်ဒရယ်ယူနစ်များ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် (FSCC) ကို ဖွဲ့စည်းရာတွင် NUCC နှင့် တိုင်ပင်မှု မရှိခြင်းများကို ပဋိညာဉ် ချိုးဖောက်မှုများဟု ဖော်ပြသည်။ ဗမာပြည်နယ် ဖွဲ့စည်းရေး၊ ဘုံသဘော တူညီချက်များ ရရှိရေး၊ တော်လှန်ရေး အင်အားစုများနှင့် ထိတွေ့ဆွေးနွေးရန်၊ လိင်စိတ်ကွဲပြားသူများအပေါ် လိင်အကြမ်းဖက် နှောင့်ယှက်မှုများကို အရေးယူပေးရန်၊ အခွန်ကောက်ခံမှု စနစ်တကျ ရှိရန်၊ ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်ခံရမှုအပေါ် ဝန်ချတောင်းပန်ရန် စသည်တို့လည်း ပါဝင်သည်။ 

ပြည်သူ့ညီလာခံကို အမြင့်ဆုံး အချုပ်အခြာအာဏာ ရှိသည်ဟု ဆိုသော်လည်း ပြည်သူ့ညီလာခံတွင် မဲပေးနိုင်သည့်စွမ်းအားအတွက် ကိုယ်စားပြုမှုပုံစံမှာ လုံးဝ မတူညီပေ။ လူထုအပေါ် ဩဇာညောင်းမှု မတူညီသည့် အဖွဲ့များကို စုစည်းထားပြီး ရံဖန်ရံခါ လွတ်မြောက်ရေး လှုပ်ရှားသည့် တော်လှန်ရေးအဖွဲ့များ (Liberation organizations) ၏ လိုလားချက်၊ ၂၀၀၈ ဖွဲ့စည်းပုံ၏ မဲဆန္ဒမှ တရားဝင်မှု ကိုယ်စားပြုသည့် အဖွဲ့များ (Legitimacy and representation by votes under 2008 Constitution)၊ နည်းပညာဆန်သော စဉ်းစားချက်များ (Technocratic considerations)၊ လစ်ဘရယ် လူ့အခွင့်အရေး စံနှုန်းများ (Liberal interpretation of Human Right standards) အကြား အစုအဖွဲ့စဉ်းစားချက်ကို ကျော်လွန်ပြီး တမဲချင်းတွင် အချုပ်အခြာ အာဏာဆိုင်ရာ ကိုယ်စားပြုမှုအတွက် မေးခွန်းထုတ်မှု များစွာ ရှိပါသည်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG)

၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်က ကြေညာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တင်သွင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဧပြီလ ၁၆ ရက်နေ့တွင် ကြေညာချက် အမှတ် ၂၃/၂၀၂၁ ကို ထုတ်ပြန်၍ အတည်ပြု ဖွဲ့စည်းလိုက်သော ကြားကာလညီညွတ်ရေးအစိုးရ ဖြစ်သည်။ တော်လှန်ရေး အစိုးရလည်း ဖြစ်သည်။ နိုင်ငံတကာတွင် အကျပ်အတည်းကာလ Government of National Unity ဟု တွေ့ရတတ်သည့် အစိုးရများ၏ သဘာဝအတိုင်းပင် ရွေးကောက်ပွဲဖြင့် ကိုယ်စားပြုရေးထက် အားလုံးပါဝင်ရေးကို အလေးထားရမည့် အစိုးရလည်း ဖြစ်သည်။ 

နိုင်ငံတကာအသိုင်းအဝိုင်း အနေဖြင့် NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုကြရန် တော်လှန်သူများက အရေးဆိုထားသည်။ နိုင်ငံတကာကုန်သွယ်ရေးသမဂ္ဂ အကျိုးတူပူးပေါင်းအဖွဲ့က နိုင်ငံတကာအစိုးရများနှင့် ကုလသမဂ္ဂအနေဖြင့် NUG ကို အသိအမှတ်ပြုကြရန် နှိုးဆော်ထားသကဲ့သို့၊ အာဆီယံဒေသတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း အာဆီယံထိပ်သီးအစည်းအဝေးသို့ NUG ကိုသာ ဖိတ်ခေါ်သင့်ကြောင်း တိုက်တွန်းခဲ့သေးသည်။

NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုရန် အောက်တိုဘာလ ၅ ရက်နေ့တွင် ပြင်သစ်နိုင်ငံ အထက်လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင်လည်း ဥရောပ ပါလီမန်က NUG နှင့် CRPH ကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ NUG ၏ ကိုယ်စားလှယ် ရုံးများကို နိုင်ငံအချို့တွင် ဖွင့်လှစ်ထားသည်။ သို့သော် နိုင်ငံ့ဥသျှောင် အစိုးရအများအပြားမှာ NUG ကို မြန်မာ့အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုဖော်ပြခြင်းက များစွာမရှိသေးပေ။

NUG အောက်တွင် လက်ရှိအနေဖြင့် ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီးနှင့် ဒုဝန်ကြီး ၃၄ ဦးရှိသည်ဟု အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ လက်ရှိ ၂၀၂၅ နှစ်ကုန်ပိုင်းတွင်မူ NUG ပြုပြင်ပြောင်းလဲရေး ပြုလုပ်မည်ဟုဆို၍ အချို့ဝန်ကြီးဌာနများကို ဦးစီးဌာနအဆင့် ပြောင်းမည်ဟုဆိုသည်။ အသေးစိတ်တော့ မသိရသေးပေ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆိုသည်မှာ မြန်မာနိုင်ငံအား ၂၀၂၁ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ဖွဲ့စည်းခဲ့ကြသော ဒေသခံ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည်။ ထိုတော်လှန်ရေး တပ်ဖွဲ့များသည် NUG ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်တွင်ပင် တည်ရှိကြသည်။

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)

ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ များဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်တွင်ပင် ရှိသည်။ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် ဖွဲ့စည်းထားပြီး ကြားကာလတွင် အုပ်ချုပ်ရေးအတွက် အစီအစဉ်များ အကောင်အထည်ဖော်ရန် တာဝန်ရှိသည်။ မြို့နယ်အများစုတွင် ဖွဲ့စည်းထားပြီး မြို့နယ် အတော်များများတွင် အကောင်အထည် ဖော်နေသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် တည်ရှိသည့် စစ်တပ် ဖြစ်သည်။ ထိုအကြောင်းကို စစ်ရေးစုဖွဲ့မှုများတွင် ဆက်လက်ဖော်ပြပါမည်။

၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (MPU)

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရသည့် ကိုယ်စားလှယ်များထံသို့ အာဏာကိုလွှဲမပေးဘဲ စစ်တပ်က အာဏာကိုဆက်သိမ်းထားလိုက်ပြီး ရွေးကောက်ခံ ကိုယ်စားလှယ်များအား ဖမ်းဆီးအရေးယူမှု အမျိုးမျိုးကို ပြုလုပ်ခဲ့ရာ ရွေးကောက်ခံကိုယ်စားလှယ်များလည်း နယ်စပ်ဒေသများသို့ တိမ်းရှောင်ခဲ့ ကြသည်။ ထို့နောက် စင်ပြိုင်အစိုးရ (NCGUB) နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ကို ဖွဲ့စည်းရာတွင် ပြည်သူ့လွှတ်တော်ကိုကိုယ်စားပြုသည့် အနိုင်ရ ကိုယ်စားလှယ်များအား ပိုမိုကောင်းမွန်စွာ ကိုယ်စားပြုနိုင်ရေးအတွက် ၁၉၉၆ ခုနှစ် မေလ ၁၅ ရက်နေ့၊ ထိုင်းနယ်စပ်တွင် ၁၉၉၀ ရွေးကောက်ပွဲ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၀ ကျော်တို့ တွေ့ဆုံဆွေးနွေးညှိနှိုင်းကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ (မြန်မာပြည်) (Members of Parliamentary Union - MPU) ကို ဖွဲ့စည်းကြသည်။ ရည်ရွယ်ချက်များမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် စစ်မှန်သော ပြည်ထောင်စုတရပ် ပြန်လည်ပေါ်ထွန်းလာရေးတို့ ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် NCGUB ဖွဲ့စည်းမှု ပိုမိုနည်းစနစ်ကျရေးအတွက် MPU မှ ပါဝင်မှုကို ထည့်သွင်း ဖွဲ့စည်းခဲ့သည်။MPU သည် အမျိုးသားညွန့်ပေါင်းအစိုးရ၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သည်။ ပြည်ပနိုင်ငံများရှိ သံတမန်များ၊ နိုင်ငံရေးပါတီများ၊ လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက်မှုများလည်း ရှိသည်။

၁၉၉၉ ခုနှစ်မှစကာ နိုင်ငံတကာ ပါလီမန်များသမဂ္ဂ (IPU) ၏ အဖွဲ့ဝင် ဖြစ်ခဲ့သည်။ မဟာမိတ် အဖွဲ့အစည်းများအနေဖြင့် Euro-Burma Office ၊ Burma Fund များနှင့် ဆက်သွယ်ဆောင်ရွက်သကဲ့သို့ Inter-Parliamentary Union, Socialist International, Liberal International နဲ့ Christian Democrat International တို့နှင့်လည်း ဆောင်ရွက်ချက်များ ရှိခဲ့သည်။ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် ၂၀၀၀ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့၌ MPU အစည်းအဝေးကို ကျင်းပခဲ့သည်။ ထိုစဉ်က အားလုံး၏ အစီအစဉ်ဖြစ်သော သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်စေရေး၊ နိုင်ငံရေးအာဏာကို ပြည်သူထံ လွှဲပြောင်းပေးရန်အတွက် စစ်အစိုးရကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သံတမန်များမှ နည်းမျိုးစုံဖြင့် ဖိအားပေးအရေးယူရန်နှင့် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီကို ဖြိုဖျက်မှုများနှင့် နိုင်ငံရေး အကျပ်အတည်းများကို ဖွင့်ထုတ်သတင်းမှန်ပေးရေးများ ပြုလုပ်ရန် ချမှတ်ကြသည်။

MPU သည် NCUB ၏ အရေးပါသော အင်အားတခုဖြစ်ခဲ့သလို NCGUB နှင့်လည်း ထပ်တူပူးပေါင်း ခဲ့သည်။ အမျိုးသားညွန့်ပေါင်းအစိုးရ၏ ဝန်ကြီးချုပ်နေရာကို MPU မှ ရွေးချယ်တင်မြှောက်ပေးရန် တရားဝင် သတ်မှတ်ထားသည်။ ချမှတ်ခဲ့သည်။ ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သော အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းမှုဆိုင်ရာ အခြေခံမူများ ချမှတ်ရေး နှီးနှောဖလှယ်ပွဲသို့ MPU မှ တက်ရောက်ခဲ့သည်။ FCDCC ရေးဆွဲရာပါဝင်ခဲ့သည်။ ၂၀၀၈ ခုနှစ် MPU ညီလာခံတွင် NCGUB ကို တိုင်းရင်းသား ခေါင်းဆောင်များပါ ခန့်အပ်၍ အားဖြည့်တိုးချဲ့ဖွဲ့စည်းရေး ချမှတ်ခဲ့သည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လျှို့ဝှက်အစည်းအဝေး သဘောတူညီချက်များအရ အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) နှင့် မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (DAB) တို့၏ အကူအညီဖြင့် ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကရင်ပြည်၊ မာနယ်ပလောဌာနချုပ်တွင် ဖွဲ့စည်းသည်။ ၁၉၉၂ ခုနှစ် စက်တင်ဘာ ၂၄ တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NUB) ကို ဖွဲ့စည်းရာ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) နှင့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (DAB) နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ကိုယ်စားလှယ်များ ပါဝင်ခဲ့သည်။

၂၀၂၁ အာဏာသိမ်းဖြစ်စဉ်အပြီး မတ်လ ၁၃ ရက်နေ့တွင် “ပြည်ပရောက် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည့် လက်ရှိအခြေအနေဆိုးများမှ အမြန်ဆုံး လွတ်မြောက်၍ လွတ်လပ်၊ ငြိမ်းချမ်းသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် နိုင်သည်အထိ တိုင်းရင်းသားပေါင်းစုံ သူရဲကောင်းပြည်သူများနှင့် တသားတည်း ရပ်တည်ပြီး တိုက်ပွဲ၏ ဦးဆောင်းများဖြစ်ကြသော CRPH, CDM နှင့် Generation X-Y-Z တို့အား အားပေးကူညီ သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၂၀၂၁ စက်တင်ဘာ ၂၃ တွင်လည်းကောင်း၊ ၂၀၂၁ ခု ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ထို့နောက်တွင် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) တွင် ပါဝင်လာခဲ့သည်။

၂၀၂၂ ခု ဩဂုတ်လ ၁၇ တွင် နွေဦးတော်လှန်ရေးအတွက် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ ရေးဆွဲရန် တိုက်တွန်းခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ပေးပို့သော ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနား သဝဏ်လွှာတွင် အချိန်ကာလ ၂ နှစ် ကျော်လွန်လာပြီး ဖြစ်သော်လည်း ယနေ့အထိ အမျိုးသားတန်းတူရေးနှင့် ပြည်သူများ ဒီမိုကရေစီ ဆုံးရှုံးနေသည့် ပြဿနာနှစ်ရပ်အား ဖြေရှင်းပေးမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ရေးဆွဲနိုင်ခြင်း မရှိသေးသည့်အတွက် ညီညွတ်ရေးနှင့် ပြည်ထောင်စုအမျိုးသားစိတ်ဓါတ် ပြိုကွဲမည်ကို အထူးစိုးရိမ်မိပါကြောင်း ထည့်သွင်း၍ ဖော်ပြခဲ့ပါသည်။ 

Comments

Popular posts from this blog

မိုးကုတ်အရေး၊ မဟာဗျူဟာအဟနှင့် ပြည်သူ့တော်လှန်ရေး၏ အကျပ်အတည်း

သတင်းအတွေး - ဒီဇင်ဘာ ၁၊ ၂၀၂၅   မန္တလေးတိုင်း၊ မိုးကုတ်မြို့သို့ စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်လာသည်။ ဤသို့ ပြန်လည်ဝင်ရောက်လာခြင်းမှာ သာမန်စစ်ရေးလှုပ်ရှားမှုတခု မဟုတ်ဘဲ၊ ပြည်ပဖိအား (တရုတ်)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ဒေသခံတော်လှန်ရေးအင်အားစု (PDF) တို့ကြားမှ ရှုပ်ထွေးပွေလီလှသော "သုံးပွင့်ဆိုင် အာဏာကစားပွဲ" (Triangular Power Game) ၏ ရလဒ် ဖြစ်သည်။ ကျောက်မျက်ရတနာ ပေါကြွယ်ဝသောကြောင့် မိုးကုတ်မြို့သည် စစ်ရေးဗျူဟာအရသာမက၊ နိုင်ငံရေးစီးပွားရေး (Political Economy) အရပါ အရေးပါနေသည်။ ထို့အတွက်ကြောင့် ဤအပြောင်းအလဲသည် နက်နဲသော နိုင်ငံရေးအဓိပ္ပာယ်များ ဆောင်လျက်ရှိ၏။ တရုတ်၏ "Pax Sinica" နှင့် အချုပ်အခြာအာဏာ၏ ကန့်သတ်ချက်များ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် TNLA က မိုးကုတ်နှင့် မိုးမိတ်ကို ပြန်လည်အပ်နှံလိုက်ရခြင်းသည် မြန်မာ့ပဋိပက္ခတွင် ပြည်ပသြဇာလွှမ်းမိုးမှု (External Hegemony) မည်မျှကြီးမားကြောင်း ထင်ရှားစေသည်။ ကိုလိုနီခေတ်လွန် နိုင်ငံရေးသီအိုရီရှုထောင့်မှကြည့်လျှင် ဤအခြေအနေကို "မျက်နှာဖုံးစွပ် အချုပ်အခြာအာဏာ" (Masked Sovereignty) ဟု ဆိုနိုင်သည်။ စစ်...

ရွှေကုက္ကိုနှင့် KK Park - အာဏာ၊ အကျိုးစီးပွားနှင့် မျက်လှည့်ပြပွဲ

သတင်းအတွေး - ဒီဇင်ဘာ ၁၊ ၂၀၂၅   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ် (BGF/KNA) ထိန်းချုပ်ရာ ရွှေကုက္ကိုဒေသမှ အဆောက်အအုံ ၁၀၀ ကျော်ကို တရားမဝင်ဟု သတ်မှတ်ကာ စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြေညာရာ၌ စုစုပေါင်း အဆောက်အအုံ ၁၃၅ လုံးအနက် ၁၀၁ လုံးကို ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့၏။ ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသရှိ ရွှေကုက္ကိုနှင့် KK Park စီမံကိန်းများအပေါ် စစ်ကောင်စီ၏ ကိုင်တွယ်ပုံသည် ဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်မဟုတ်ဘဲ၊ ကိုလိုနီခေတ်လွန် နိုင်ငံရေးသီအိုရီရှုထောင့်မှ ကြည့်လျှင် ဤသည်မှာ ဗဟိုအစိုးရ၏ အာဏာပြသမှု၊ အကျိုးစီးပွား ညှိနှိုင်းမှုနှင့် နယ်ခြားဒေသထိန်းချုပ်ရေး မဟာဗျူဟာများ ရောယှက်နေသော နိုင်ငံရေးပြဇာတ်ကြီး တရပ်သာဖြစ်သည်။ စစ်တပ်သည် KK Park တွင် အဆောက်အအုံများကို ဖောက်ခွဲဖြိုချသော်လည်း၊ ပိုမိုကြီးမားသော ရွှေကုက္ကိုတွင်မူ "ချိပ်ပိတ်" ရုံသာ ပြုလုပ်ခြင်းက သူတို့၏ စံနှုန်းနှစ်ခုထားရှိမှု (Double Standard) နှင့် နောက်ကွယ်မှ ရှုပ်ထွေးသော အာဏာဆက်ဆံရေးများကို ပေါ်လွင်စေပါသည်။ နယ်ခြားဒေသနှင့် အချုပ်အခ...

လားရှိုး သို့မဟုတ် ကိုလိုနီသစ် အရိပ်အောက်က သေနတ်ပြောင်းဝမှ မြို့

သတင်းအတွေး - နိုဝင်ဘာ ၃၀၊ ၂၀၂၅  သျှမ်းပြည်နယ်မြောက်ပိုင်း၏ အချက်အချာကျသော လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ အောင်မြင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအပြီး ရှစ်လအကြာ၌ အုပ်ချုပ်ရေးယန္တရား၏ အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိသည်။ စစ်ကောင်စီ၏ တပ်များက မြို့တွင်း ၁၂ ရပ်ကွက်ကို ပြန်လည်ထိန်းချုပ်ထားသော်လည်း၊ မြို့၏ အသက်သွေးကြောဖြစ်သော ဝင်ပေါက်ထွက်ပေါက်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် အဓိက တက္ကသိုလ်ပညာရေးအဆောက်အအုံများကို MNDAA က ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံရေးဖိအားကြောင့် စစ်တပ်က မြို့လယ်ကို ပြန်ရခဲ့သော်လည်း၊ လက်တွေ့မြေပြင်တွင် စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးအရ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည်။ စစ်တပ်ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါးနှင့် ခိုးဆိုးလုယက်မှုများ တိုးပွားလာပြီး၊ မြို့ခံပြည်သူများသည် အုပ်ချုပ်သူနှစ်ဦးကြားတွင် အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရသည်။ သမိုင်း၏ အလှည့်အပြောင်းနှင့် ကိုလိုနီအမွေအနှစ် လားရှိုးသည် ဒုတိယကမ္ဘာစစ်ကာလကတည်းက မဟာမိတ်တပ်များ၊ ဂျပန်နှင့် တရုတ်တို့၏ စစ်စခန်းချရာ ဗျူဟာမြောက်မြို့ဖြစ်ခဲ့ပြီး၊ စစ်ပြီးခေတ်တွင်လည်း ဗမာပြည်ကွန်မြူနစ်...