Skip to main content

၂၀၂၃ ခုနှစ် ဖြစ်စဉ်များ

၂၀၂၃ ခုနှစ်တွင်မူ နွေဦးတော်လှန်ရေး အင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ အတွက် မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနိုင်ခဲ့ကြသည်။ နိုင်ငံ၏ စီးပွားရေးမှာ အကြီးအကျယ် ထိခိုက်နေပြီး စစ်ကောင်စီအနေဖြင့် လူထုအပေါ် ဖိနှိပ်ချုပ်ခြယ်မှု၊ အကြမ်းဖက်မှုမှလွဲ၍ ဘာမှ လုပ်မရသလို၊ လုပ်သမျှ အကြမ်းဖက်မှုများကလည်း လူထုအမုန်းတရားကိုသာ တိုးပွားစေပြီး အောင်မြင်မှုလည်း မရပေ။ ရံဖန်ရံခါ ဘာသာရေးသုံး၍ ဘုရားတည်၊ ထီးတင်ပြီး ဗုဒ္ဓဘာသာလူထုကို ဆွဲဆောင်ရန် ကြိုးစားသော်လည်း တကယ် အောင်မြင်မှု မရှိပေ။ ဗိုလ်နေဝင်းနှင့် ဗိုလ်သန်းရွှေလောက်ပင် အတော်အတန် ယုတ္တိရှိအောင် လိမ်၍မရသလို စစ်ရေးအရလည်း ဗုံးများကြဲ၍ ပြည်သူများစွာ သေဆုံးရခြင်းများသည့်တိုင် အရှုံးမှလွဲပြီး မရှိပေ။ မဲလိမ်၍ အာဏာသိမ်းသည်ဆိုသည့် အကြောင်းပြချက်က NLD ပါတီနှင့် နိုင်ငံရေးပြိုင်ဘက် ပါတီများအတွက်ပင် အလုပ်မဖြစ်ပေ။ နိုင်ငံတကာမှလည်း မယုံပေ။

ရွေးကောက်ပွဲဖြင့် အာဏာပြန်လွှဲပေးမည်ဟု ဆိုသော်လည်း မျှတသည့် ရွေးကောက်ပွဲဖြစ်မည်ဟု မည်သူမျှ မယုံကြည်ပေ။ ပါတီများကို ဖိအားပေးပြီး မှတ်ပုံပြန်တင်ခိုင်းကာ မတင်လျှင် ဖျက်သိမ်းသလို မဲပေးနည်းများကိုလည်း မိမိတို့အားပေးသူသာ အနိုင်ရစေမည့်နည်းများ ဖန်တီးအသုံးချရန် ကြိုးစားသည်ကို အားလုံးက မြင်နေရသည်။ ဇန်နဝါရီ ၂၆ တွင် စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေသစ်ကို ထုတ်ပြန်ရာ ရက်ပေါင်း ၆၀ အတွင်း ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်သော ပါတီများသည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု ပုဒ်မ ၂၅ တွင် ဖော်ပြထားသည်။ မတ်လကုန်တွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် ပြည်သူအများစု ထောက်ခံမှုရရှိထားသော ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရပါတီကြီးများဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းလိုက်သည်။ ဤလုပ်ရပ်သည် နိုင်ငံရေးပြိုင်ဆိုင်မှုအားလုံးကို ဖယ်ရှားပြီး သူတို့စိတ်ကြိုက် နိုင်ငံရေးအခင်းအကျင်းတခုကို ဖန်တီးရန် ကြိုးပမ်းမှုဖြစ်ပြီး၊ ဖက်ဆစ်စနစ်၏ 'တပါတီ၊ တအာဏာ' လက္ခဏာများဖြစ်ပါသည်။ နိုင်ငံရေး ကစားကွင်းကို ထိန်းချုပ်ခြင်းမှတဆင့် အတုအယောင်တရားဝင်မှုကို တည်ဆောက်ရန် ကြိုးပမ်းမှုတရပ်လည်း ဖြစ်သည်။ စစ်ရာဇဝတ်သားကပေးသော ဒီမိုကရေစီကို တော်လှန်ရေးဘက်တော်သား မည်သူမျှလည်း မလိုချင်ပေ။ သို့ရာတွင် အခြေအနေအရ နွေဦးတော်လှန်ရေး၏ ခေါင်းစဉ်အောက်တွင် ပါဝင်မလာခြင်း၊ နိုင်ငံရေးအရ ညှိနှိုင်းရေးကို ဦးတည်ခြင်း၊ နိုင်ငံရေးခွဲကစားခြင်း အစရှိသည့် ချဉ်းကပ်မှု ပုံစံအမျိုးမျိုးကိုတော့ အသုံးချမှုများ ရှိသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ တွင် နေပြည်တော် သမ္မတအိမ်တော်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဗိုလ်ချုပ်နှစ်ဦးကို စေလွှတ်ပြီး သမ္မတဦးဝင်းမြင့်ကို “ကျန်းမာရေးအရ” နုတ်ထွက်ပေးရန် အတင်းအကျပ် စေခိုင်းခဲ့သည်၊ နုတ်ထွက်ပေးရန် ငြင်းဆန်ခဲ့သော သမ္မတကို ဖမ်းဆီးချုပ်နှောင်ကာ နောက်ပိုင်းတွင် ပုဒ်မ ၈ ခုဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၄ နှစ် ချခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်၊ အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် မင်းအောင်လှိုင်သည် စစ်ကောင်စီ အုပ်ချုပ်ရေးသက်ရောက်သော မြို့နယ် ၁၉၈ ခုသာရှိကြောင်း ပြောဆိုခြင်းဖြင့်၊ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိကြောင်း ပထမဆုံးအကြိမ် လူသိရှင်ကြား ဝန်ခံခဲ့သည်။ စစ်ကောင်စီ သက်တမ်းကိုလည်း ထပ်၍တိုးကာ ၂၀၀၈ ခြေဥကို ထင်ထင်ရှားရှား ပယ်လိုက်သည်။ ဖေဖော်ဝါရီလအတွင်း မြို့နယ် ၄၀ တွင် စစ်အုပ်ချုပ်ရေး ကိုလည်း ကြေငြာခဲ့ရသည်။

မတ် ၁၅ – ၁၆ တွင် ‘ဝ’ ပြည်နယ် ပန်ခမ်းမြို့၌ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အစည်းအဝေးကို ကျင်းပခဲ့ပြီး၊ နိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၇ ဖွဲ့ ဖြစ်သော ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP) ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF) တို့ တက်ရောက်ကြသည်။ ထုတ်ပြန်ချက်တွင် “မြန်မာ့ပြည်တွင်းရေးနှင့် ပတ်သက်၍ မိမိတို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးများအနေဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတရပ်ကို တည်ထောင်ကြရမည် ဟု ယူဆပါသည်။ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း၊ နောက်ဆုံးတွင် မိမိတို့ လူနည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည် ဖြစ်ပါသည်” ဟု ပါရှိသည်။[1]

မတ်လ ၂၂ ရက်နေ့တွင်မူ ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နှင့် စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီတို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး ကြသည်။ “ဒေသဖွံ့ဖြိုးရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စ၊ ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေမှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စ” တို့ကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီမှ ထုတ်ပြန်သည်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အနေဖြင့် ဧပြီ ၁၁ တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို ဗုံးကြဲရာတွင် ကလေး ၄၀ အပါအဝင် ပြည်သူ ၁၆၅ ဦး သေဆုံးခဲ့ပြီး၊ အောက်တိုဘာ ၉ ရက်နေ့ KIA ဌာနချုပ်အနီး မုန်လိုက်ခက် စစ်ပြေးဒုက္ခသည်စခန်းကို ဗုံးကြဲရာ ကလေးငယ် ၁၁ ဦးနှင့် အရပ်သား ၂၉ ဦး သေဆုံးခဲ့ရသည်။

မေလ ၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် ဗိုလ်မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်သန်းရွှေတို့ တွေ့ဆုံသည်။ မေလ ၁၁ တွင်မူ စစ်ကောင်စီသည် လက်နက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး၊ တရားမဝင် လက်နက်ခဲယမ်း ကိုင်ဆောင်ထားသူများ ကိုင်ဆောင်ခွင့်လိုင်စင် လျှောက်ထားရန်နှင့် လက်နက် မည်သို့မည်ပုံ ရရှိသည်ကို စစ်ဆေးမေးမြန်းမည် မဟုတ်ကြောင်း ကြေငြာသည်။ ထိုနေ့တရက်တည်းတွင် PDF များကို ဥပဒေဘောင်အတွင်း ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး လက်နက်ခဲယမ်းပါ ယူဆောင်လာပါက ဆုကြေးငွေအဖြစ် စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီ စသည့် လက်နက်ကြီးတလက်လျှင် ၇၅ သိန်း၊ ရိုင်ဖယ် သိန်း ၅၀၊ Drone သိန်း ၅၀၊ ပစ္စတို သိန်း ၂၀၊ ပြောင်းချောသေနတ် သိန်း ၃၀၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ်သေနတ် ၅ သိန်း၊ လက်လုပ်မိုင်းနှင့် လက်ပစ်ဗုံး ၃ သိန်း၊ စကားပြောစက်နှင့် အခြားအသုံးအဆောင် ပစ္စည်း ၂ သိန်း ပေးမည်ဟု ထုတ်ပြန်သည်။ မေလ ၁၆ နှင့် ၁၇ ရက်တို့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) တို့သည် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့၌ တွေ့ဆုံဆွေးနွေးကာ နှစ်ဖွဲ့အကြား ထာဝရမဟာမိတ်စာချုပ်ကို ထိန်းသိမ်းအကောင်အထည်ဖော်သွားရန်၊ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်ရန်နှင့် အခြားအချက်များ သဘောတူခဲ့ကြသည်။

မိုင်းလားမြို့တွင် ဇွန်လ ၁ ရက်နေ့က စစ်ကောင်စီ၏ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် NSPNC (အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ) ဥက္ကဋ္ဌရာပြည့် ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီက ကြေညာသည်။ စစ်ကောင်စီနှင့် တွေ့ဆုံသော်လည်း ရပ်တည်ချက် ပြောင်းလဲမှုမရှိ ဟု AA က ပြောခဲ့သည်။ ဇွန်လအတွင်း မိုခါမုန်တိုင်း ဝင်ရောက်ပြီး ရခိုင်ပြည်အတွင်း များစွာထိခိုက်သော်လည်း သွားလာခွင့် ပိတ်ပင်ခံရသောကြောင့် အထောက်အပံ့များစွာ မရောက်ရှိခဲ့ပေ။

ဇွန်လ ၁၂ တွင် ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (Interim Executive Council Karenni State) ကို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုနှင့်အညီ တရားဝင် ဖွဲ့စည်းသည်။ ဇူလိုင် ၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့ သည်။[2] ဇူလိုင် ၃၁ တွင်မူ စစ်ကောင်စီက သက်တမ်းကို ၆ လ ထပ်မံတိုးမြှင့်သည်။

၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီအတွင်း ဖြုတ်ထုတ်ရှင်းမှုများကို များစွာပြုလုပ်ခဲ့ရာ ရာထူးကြီး စစ်ဗိုလ်ချုပ်များ ထိန်းသိမ်းစစ်ဆေးခံရခြင်း၊ ရာထူးရွှေ့ခံရခြင်းများ များစွာဖြစ်ခဲ့သည်။ ထို့အပြင် စီးပွားရေး လုပ်ငန်းရှင် ရာနှင့်ချီ ထိန်းသိမ်းထားသည်ဟုလည်း သတင်းရသည်။

NCA နှင့် ပတ်သက်၍မူ ဩဂုတ် ၁၀ တွင် NCA ပျက်ပြယ်ကြောင်း KNU ၏ ဗဟိုအလုပ်မှုဆောင် အဖွဲ့သစ်၏ ရက် ၁၀၀ ပြည့် သတင်းစာရှင်းလင်းပွဲတွင် ဖဒိုစောတာဒိုမှူးက ဆိုသည်။ သို့သော် စက်တင်ဘာ ၃၀ တွင် ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ ဗဟိုကော်မတီဝင်ဟောင်း စောရောဂျာခင်၊ ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌဟောင်း ဖဒိုရွှေမောင်းတို့ နေပြည်တော်သို့ သွားရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ သည်။ NCA ပျက်ပြယ်သည်မှာ မဟုတ်ကြောင်း စစ်တပ်မှ ဆိုလာသည်။ KNU က မြန်မာစစ်တပ်၏ သွေးထိုးမှု ဖြစ်ကြောင်း တုန့်ပြန်သည်။[3]

အောက်တိုဘာလ ၂၇ တွင် ညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်များ (AA/ MNDAA/ TNLA) တို့က ၁၀၂၇ စစ်ဆင်ရေးဖြင့် သျှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ နောင်ချို၊ လားရှိုးနှင့် ချင်းရွှေဟော်မြို့များရှိ စစ်ကောင်စီတပ်များနှင့် ပြည်သူ့စစ်များကို တပြိုင်နက် ထိုးစစ်ဆင်သည်။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မိုးကုတ်၊ မန္တလေးနှင့် ထီးချိုင့်မြို့နယ်များတွင်လည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ ပူးတွဲ ထုတ်ပြန်ချက်တွင် သျှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ကြီးထွားလာနေသော “ကျားဖြန့်” အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ထိန်းချုပ်ရန်နှင့် ပါဝင်ပတ်သက်နေသော စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များအား နှိမ်နှင်းရန်အတွက် ၁၀၂၇ စစ်ဆင်ရေးကို စတင်ကြောင်းပါဝင်သည်။[4]

KIA နှင့် NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) ပူးပေါင်း၍ နိုဝင်ဘာလ ၆ ရက်တွင် ခရိုင်အဆင့် ရုံးစိုက်ရာ ကောလင်းမြို့ကို သိမ်းနိုင်သည်။ ကောလင်းမြန်မာ့စီးပွားရေးဘဏ်မှ ငွေသားကျပ် သန်း ၉၀၀ ကျော်နှင့် ပုဂ္ဂလိကဘဏ် ၅ ခုမှ ကျပ်ငွေ ၄၄ ဘီလီယံကျော်ကို စနစ်တကျ ထိန်းသိမ်းထားသည်ဟု ဆိုသည်။ ကောလင်းမြို့ကို စစ်ကောင်စီမှ ပြန်သိမ်းသည့်အခါ ရွာများစွာ ဖျက်ဆီးခံခဲ့ရသည်။ နိုဝင်ဘာလ ၇ ရက်နေ့တွင်မူ ကရင်နီပြည် တော်လှန်ရေး အဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံသည့်အနေဖြင့် ၁၁၀၇ စစ်ဆင်ရေး နှင့် ၁၁၁၁ စစ်ဆင်ရေးကို စတင်ခဲ့ကြသည်။[5] ညီနောင်မဟာမိတ်အဖွဲ့ကမူ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ကောင်စီစခန်း ၁၆၈ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ဆိုသည်။ ရက္ခိုင့်တပ်တော်က နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရခိုင်ဒေသ စစ်ဆင်ရေးအား စတင်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်နေ့တွင်မူ တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပြီး ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ရေး သဘောတူခဲ့ကြသည်ဟု စစ်ကောင်စီကထုတ်ပြန်သော်လည်း တိုက်ပွဲများ တကယ်မရပ်ခဲ့ပေ။ သို့နှင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိကအသက်သွေးကြောသဖွယ် အရေးပါသော ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ဒီဇင်ဘာ ၁၅ တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းနိုင်ခဲ့သည်။ ဒီဇင်ဘာ ၁၆ တွင်မူ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ နမ့်ဆန်မြို့ကို TNLA အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ ဒီဇင်ဘာ ၂၂ တွင်မူ မန်တုံမြို့ကိုပါရပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုလုံး TNLA လက်အောက် ရောက်ရှိခဲ့သည်။ ကိုးကန့်ဒေသ တခုလုံးနီးပါးလည်း MNDAA ၏ လွှမ်းမိုးမှုအောက် ရောက်လာသည်။ ဒီဇင်ဘာ ၂၈ တွင် နမ္မတူမြို့ပါ TNLA ၏ ထိန်းချုပ်မှုအောက် ရောက်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း မြန်မာက တရုတ်နိုင်ငံဘက်သို့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများအတွင်း ပါဝင်သူများဟု သံသယရှိသူ လေးသောင်းကျော်အား လွှဲပြောင်းပေးခဲ့သည်။ တနှစ်တာအတွင်း မြေမြှုပ်မိုင်းနှင့် လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးရသူ သပ်သပ်ပင် လူဦးရေ တထောင်ကျော် ရှိသည်။ ကလေး လေးပုံတပုံ ရှိသည်။

၂၀၂၃ အကုန်အထိ NUG တွင် ဘဏ္ဍာရေးလည်ပတ်မှုအနေဖြင့် အထူးငွေတိုက် စာချုပ်များမှ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်နှင့် End of Dictatorship/ Early Partnership Scheme တို့မှ အမေရိကန်ဒေါ်လာ ၉၇ သန်းကျော် ရရှိထားကြောင်း သိရသည်။ Spring Development Bank မှ အမေရိကန်‌ ဒေါ်လာ ၁၂ သန်းနီးပါး ရရှိပြီး NUG ၏ မြို့နယ် ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၂၂ သန်းကျော် အခွန် ရရှိကြောင်းလည်း သိရသည်။[6]

၂၀၂၃ နှစ်ကုန်ကာလအတွင်း တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေး အဖွဲ့များက နိုင်ငံအနှံ့ ဟန်ချက်ညီစွာ အပြင်းအထန် ထိုးစစ်ဆင်ပြီး တိုက်ပွဲဖော်လာသည်ကို တွေ့ရသည်။ ဘတ်ဂျက်များစွာသုံးပြီး အင်အားကြီး စစ်တပ်အဖြစ် နှစ်ပေါင်းများစွာ ယူဆလာကြသည့်အမြင်ကို စိန်ခေါ်သည့်နှစ် ဖြစ်သည်။[7] နိုင်ငံတကာတွင်လည်း မြန်မာစစ်တပ် ပြိုလဲတော့မည့်ဟန်ကို တွေ့ရကြောင်း ဝေဝေဆာဆာ ရေးသားလာကြသည်။ စစ်တပ်အတွက် အထိနာပြီး အရှုံးကြီးရှုံးကာ စာရင်းချုပ်လျှင် စာရင်းပြုတ်သောနှစ်ဟု ဆိုရမည်ဖြစ်သည်။
---------

[1] အစည်းအဝေးတွင် တရုတ်ပြည်၏ အခန်းကဏ္ဍကို ဆွေးနွေးခဲ့ကြသည်။


[2] နှစ်နှစ်အတွင်း မြန်မာပြည်သူတွေ ခံစားခဲ့ရသည့် ဆုံးရှုံးမှုတွေ၊ စီးပွားရေးအပေါ် စိုးရိမ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းနဲ့ တွေ့ဆုံစဉ် ပြောကြားသလို၊ လက်ရှိ မြန်မာ့အရေး ဆွေးနွေးမှုတွေကို ထောက်ခံကြောင်းလည်း ထိုင်းဝန်ကြီးက အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဖော်ပြခဲ့သည်။ အဆိုပါတွေ့ဆုံမှုကို မြန်မာစစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဖက်သဘောတူညီမှုအဖြစ် ပြုလုပ်ခဲ့ကြောင်းလည်း ထိုင်းဘက်က ဆိုသော်လည်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုက်ပွဲဝင် တော်လှန်ရေးအဖွဲ့များကို ရည်ညွှန်းသလားဆိုတာတော့ သတင်းထုတ်ပြန်ချက်ထဲမှာ မရှင်းလင်းခဲ့ပါ။ ထို့အပြင် နေပြည်တော်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာ၊ တရုတ်အထူးကိုယ်စားလှယ် ဆွန်ကော်ရှန်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း ဘန်ကီမွန်း တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့ကြပေ။

[3] ဖဒိုစောမူတူးစေးဖောအပါအဝင် သွားတွေ့သည့် ခေါင်းဆောင်များမှာ ယခု ၂၀၂၅ တွင် အထုတ်ခံရသည်ဟု KNU မှ ကြေငြာခဲ့သည်။

[4] ၁၀၂၇ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်ပေးခဲ့သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ညီနောင်မဟာမိတ်သုံးဖွဲ့၏ လှုပ်ရှားမှုသည် သူတို့၏ ကိုယ်ပိုင်နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ MNDAA အတွက်မူ ၂၀၀၉ ခုနှစ်တွင် ဆုံးရှုံးခဲ့သော ကိုးကန့်ဒေသကို ပြန်လည်ထိန်းချုပ်ရန်ဟူသော ဆယ်စုနှစ် တခုကျော်ကြာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်။ TNLA အတွက်မူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို လက်တွေ့မြေပြင်တွင် အပြည့်အဝ ထိန်းချုပ်နိုင်သော 'တအာင်းပြည်' တခု ထူထောင်ရန်ဖြစ်သည်။ AA အတွက်မူ သျှမ်းမြောက်ရှိ အခြေစိုက်စခန်းများကို ခိုင်မာစေပြီး၊ ရခိုင်ပြည်ရှိ စစ်ဆင်ရေးအတွက် ထောက်ပို့လမ်းကြောင်း ကို တည်ဆောက်ရန်ဖြစ်သည်။ ဤအဖွဲ့များသည် နွေဦးတော်လှန်ရေးနှင့် ရည်မှန်းချက်တူညီသည့် အပိုင်းများတွင် ပူးပေါင်း ဆောင်ရွက်သော်လည်း၊ ကိုယ်ပိုင် Agency နှင့် မဟာဗျူဟာကို အခြေခံ၍ လှုပ်ရှားနေသော အမှီအခိုကင်းသည့် နိုင်ငံရေး အစုအဖွဲ့များအဖြစ် ရှုမြင်ရန် အရေးကြီးသည်။

[5] ၁၁၀၇ စစ်ဆင်ရေးတွင် မယ်စဲ့ဘက်မှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် လွိုင်ကော်ကိုပါ သိမ်းရန်ရည်ရွယ်၍ ၁၁၁၁ ကို သီးခြားစစ်ဆင်ရေးအဖြစ် ကြေငြာခဲ့သည်။ စစ်ဆင်ရေးများအပြီး ၂၀၂၄ ခုနှစ် နှစ်လယ်ကြေငြာချက်တွင် မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ နန်းမယ်ခုံ နှင့် မိုးဗြဲမြို့ များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသလို လွိုင်ကောက်မြို့နယ်ရှိ စခန်း (၁၂) ခု၊ ဒီးမော့ဆိုမြိုနယ်ရှိ စခန်း (၁၃) ခု၊ ဖားဆောင်မြို့နယ်ရှိ စခန်း (၉) ခု၊ ဘောလခဲမြို့နယ်ရှိ စခန်း (၅) ခု၊ ရှားတောမြို့နယ်ရှိ စခန်း (၇)၊ ဖယ်ခုံမြို့နယ်ရှိ (၁၇) ခု ၊ မယ်စဲမြို့နယ်ရှိ (၁) ခုနှင့် ဖရူဆိုမြို့နယ်ရှိ စခန်း (၁) ခု စုစုပေါင်း တပ်စခန်း (၆၅) ခု အားသိမ်းပိုက်ထားပြီး တပ်မတော် က စွန့်ခွာသွားသည့် တပ်စခန်း ၁၆ ခုရှိသည်ဟု ဆိုသည်။

[6] National Unity Government’s 3-Year Anniversary Statement – National Unity Government of Myanmar. (2024, May 3). Nugmyanmar.org. https://nugmyanmar.org/announcement/national-unity-governments-3-year-anniversary-statement/

[7] Hein, Y. M. (2024, April 30). Nine Things to Know about Myanmar’s Conflict Three Years on. United States Institute of Peace. https://www.usip.org/publications/2024/04/nine-things-know-about-myanmars-conflict-three-years

 

Comments

Popular posts from this blog

မိုးကုတ်အရေး၊ မဟာဗျူဟာအဟနှင့် ပြည်သူ့တော်လှန်ရေး၏ အကျပ်အတည်း

သတင်းအတွေး - ဒီဇင်ဘာ ၁၊ ၂၀၂၅   မန္တလေးတိုင်း၊ မိုးကုတ်မြို့သို့ စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်လာသည်။ ဤသို့ ပြန်လည်ဝင်ရောက်လာခြင်းမှာ သာမန်စစ်ရေးလှုပ်ရှားမှုတခု မဟုတ်ဘဲ၊ ပြည်ပဖိအား (တရုတ်)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ဒေသခံတော်လှန်ရေးအင်အားစု (PDF) တို့ကြားမှ ရှုပ်ထွေးပွေလီလှသော "သုံးပွင့်ဆိုင် အာဏာကစားပွဲ" (Triangular Power Game) ၏ ရလဒ် ဖြစ်သည်။ ကျောက်မျက်ရတနာ ပေါကြွယ်ဝသောကြောင့် မိုးကုတ်မြို့သည် စစ်ရေးဗျူဟာအရသာမက၊ နိုင်ငံရေးစီးပွားရေး (Political Economy) အရပါ အရေးပါနေသည်။ ထို့အတွက်ကြောင့် ဤအပြောင်းအလဲသည် နက်နဲသော နိုင်ငံရေးအဓိပ္ပာယ်များ ဆောင်လျက်ရှိ၏။ တရုတ်၏ "Pax Sinica" နှင့် အချုပ်အခြာအာဏာ၏ ကန့်သတ်ချက်များ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် TNLA က မိုးကုတ်နှင့် မိုးမိတ်ကို ပြန်လည်အပ်နှံလိုက်ရခြင်းသည် မြန်မာ့ပဋိပက္ခတွင် ပြည်ပသြဇာလွှမ်းမိုးမှု (External Hegemony) မည်မျှကြီးမားကြောင်း ထင်ရှားစေသည်။ ကိုလိုနီခေတ်လွန် နိုင်ငံရေးသီအိုရီရှုထောင့်မှကြည့်လျှင် ဤအခြေအနေကို "မျက်နှာဖုံးစွပ် အချုပ်အခြာအာဏာ" (Masked Sovereignty) ဟု ဆိုနိုင်သည်။ စစ်...

ရွှေကုက္ကိုနှင့် KK Park - အာဏာ၊ အကျိုးစီးပွားနှင့် မျက်လှည့်ပြပွဲ

သတင်းအတွေး - ဒီဇင်ဘာ ၁၊ ၂၀၂၅   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကရင်နယ်ခြားစောင့်တပ် (BGF/KNA) ထိန်းချုပ်ရာ ရွှေကုက္ကိုဒေသမှ အဆောက်အအုံ ၁၀၀ ကျော်ကို တရားမဝင်ဟု သတ်မှတ်ကာ စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည်။ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံပိုင်သတင်းစာများမှတဆင့် ကြေညာရာ၌ စုစုပေါင်း အဆောက်အအုံ ၁၃၅ လုံးအနက် ၁၀၁ လုံးကို ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့၏။ ထိုင်း-မြန်မာနယ်စပ် မြဝတီဒေသရှိ ရွှေကုက္ကိုနှင့် KK Park စီမံကိန်းများအပေါ် စစ်ကောင်စီ၏ ကိုင်တွယ်ပုံသည် ဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်မဟုတ်ဘဲ၊ ကိုလိုနီခေတ်လွန် နိုင်ငံရေးသီအိုရီရှုထောင့်မှ ကြည့်လျှင် ဤသည်မှာ ဗဟိုအစိုးရ၏ အာဏာပြသမှု၊ အကျိုးစီးပွား ညှိနှိုင်းမှုနှင့် နယ်ခြားဒေသထိန်းချုပ်ရေး မဟာဗျူဟာများ ရောယှက်နေသော နိုင်ငံရေးပြဇာတ်ကြီး တရပ်သာဖြစ်သည်။ စစ်တပ်သည် KK Park တွင် အဆောက်အအုံများကို ဖောက်ခွဲဖြိုချသော်လည်း၊ ပိုမိုကြီးမားသော ရွှေကုက္ကိုတွင်မူ "ချိပ်ပိတ်" ရုံသာ ပြုလုပ်ခြင်းက သူတို့၏ စံနှုန်းနှစ်ခုထားရှိမှု (Double Standard) နှင့် နောက်ကွယ်မှ ရှုပ်ထွေးသော အာဏာဆက်ဆံရေးများကို ပေါ်လွင်စေပါသည်။ နယ်ခြားဒေသနှင့် အချုပ်အခ...

လားရှိုး သို့မဟုတ် ကိုလိုနီသစ် အရိပ်အောက်က သေနတ်ပြောင်းဝမှ မြို့

သတင်းအတွေး - နိုဝင်ဘာ ၃၀၊ ၂၀၂၅  သျှမ်းပြည်နယ်မြောက်ပိုင်း၏ အချက်အချာကျသော လားရှိုးမြို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏ အောင်မြင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအပြီး ရှစ်လအကြာ၌ အုပ်ချုပ်ရေးယန္တရား၏ အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိသည်။ စစ်ကောင်စီ၏ တပ်များက မြို့တွင်း ၁၂ ရပ်ကွက်ကို ပြန်လည်ထိန်းချုပ်ထားသော်လည်း၊ မြို့၏ အသက်သွေးကြောဖြစ်သော ဝင်ပေါက်ထွက်ပေါက်များ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် အဓိက တက္ကသိုလ်ပညာရေးအဆောက်အအုံများကို MNDAA က ဆက်လက်ချုပ်ကိုင်ထားဆဲဖြစ်သည်။ တရုတ်နိုင်ငံ၏ နိုင်ငံရေးဖိအားကြောင့် စစ်တပ်က မြို့လယ်ကို ပြန်ရခဲ့သော်လည်း၊ လက်တွေ့မြေပြင်တွင် စီးပွားရေး၊ လူမှုရေးနှင့် လုံခြုံရေးအရ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည်။ စစ်တပ်ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါးနှင့် ခိုးဆိုးလုယက်မှုများ တိုးပွားလာပြီး၊ မြို့ခံပြည်သူများသည် အုပ်ချုပ်သူနှစ်ဦးကြားတွင် အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေကြရသည်။ သမိုင်း၏ အလှည့်အပြောင်းနှင့် ကိုလိုနီအမွေအနှစ် လားရှိုးသည် ဒုတိယကမ္ဘာစစ်ကာလကတည်းက မဟာမိတ်တပ်များ၊ ဂျပန်နှင့် တရုတ်တို့၏ စစ်စခန်းချရာ ဗျူဟာမြောက်မြို့ဖြစ်ခဲ့ပြီး၊ စစ်ပြီးခေတ်တွင်လည်း ဗမာပြည်ကွန်မြူနစ်...